၂၈၊ ၂၊ ၂၀၀၈
နင်ကြီးတယ် ... နှစ်ခါဖြတ်
အခုတလော ဘာကြောင့်မှန်း မသိ ငယ်ငယ်တုန်းက ဖန်တရာတေအောင် ကြားဖူးတဲ့ ပုံပြင်လေးတစ်ပုဒ် ခေါင်းထဲ ရောက်ရောက်လာတယ်။ ပြန်ပြောပြပါရစေ။
တခါတုန်းက ဖိုးသူတော် တစ်ဦးဟာ ဂဏန်းအလွန်စားချင်နေသတဲ့။ ဒါပေမယ့် ဖိုးသူတော် ဖြစ်နေတော့ သူ့အသက်ကို သတ်လို့မရပြန်ဘူး။ ပင်လယ်ကမ်းစပ်မှာ သွားနေတဲ့ ဂဏန်းတွေကို ကြည့်ရင်း ဖိုးသူတော် အတော့်ကို စိတ်ဒုက္ခများနေပါသတဲ့။
ဒါနဲ့ အကြံရပြီး မီးဖိုကာ အိုးကြီးတစ်လုံးထဲ ရေထည့်၊ ပွက်ပွက်ဆူအောင် ကြိုပါလေရော။ ပြီးတော့ အိုးပေါ်မှာ တုတ်တစ်ချောင်းကို ကန့်လန့်ဖြတ်တင်လိုက်ကာ ဂဏန်းတွေကို တစ်ကောင်ပြီး တစ်ကောင် ဖမ်းပြီး တုတ်ပေါ်လျှောက်ခိုင်းလေတယ်။ မလျှောက်ခိုင်းခင်မှာ နင့်ထိုက်နဲ့နင့်ကံပဲ တုတ်ဟိုဘက်ရောက်ရင် လွတ်စေ လို့ ဆိုသေးသတဲ့။ ဂဏန်းလေးတွေလည်း ရေနွေးငွေ့တွေကြားမှာ ကြိုးစားလျှောက်ရင်း ရေနွေးအိုးထဲကို တဖြုတ်ဖြုတ်ပေါ့။ ဖိုးသူတော်ကတော့ သူ့အသက်ကို ကိုယ်တိုင် မသတ်ရပဲ ဂဏန်းသား စားရတော့မှာမို့ အကျေနပ်ကြီး ကျေနပ်နေပါတယ်။
ဒီလိုနဲ့ ဂဏန်းအကြီးကြီးတစ်ကောင်ကို မိလာပြန်တော့ ထုံးစံအတိုင်း တုတ်ပေါ်ဖြတ်ခိုင်းပါတယ်။ ဂဏန်းကြီးလည်း မတတ်သာပဲ တုတ်ပေါ်မှာ လှုတ်လီလှုတ်လဲ့နဲ့ လျှောက်ရလေတယ်။ ရေနွေးကလည်း ပွက်ပွက်ကို ဆူနေလေတော့ ဂဏန်းကြီး တကိုယ်လုံး ရေနွေးငွေ့တွေ့ ဖုံးနေတော့တာပေါ့ (ဆော်နာ စိမ်သလို ရှိမယ် ထင်တယ်နော် )။ ဖြစ်ချင်တော့ ဂဏန်းကြီးက ခံနိုင်ရည်ရှိပြီး တုတ်ဟိုဘက်ကို ရောက်သွားပါတယ်။
ဖိုးသူတော်လည်း မခံချိမခံသာဖြစ်၊ ဂဏန်းကြီးကို စားကလည်း စားချင်နဲ့ အရူးတပိုင်း ဖြစ်နေပါရော။
ဥာဏ်နီ ဥာဏ်နက်ထုတ်ရင်း နောက်ဆုံးတော့ ဖိုးသူတော် အကြံရပြီး ဂဏန်းကြီးကို ပြောလိုက်သတဲ့
“နင်ကြီးတယ် နှစ်ခါဖြတ်” ... တဲ့။
ဝန်ခံချက်။
မြန်မာဖွံ့ဖြိုးရေး ဖိုရမ်တွင် ကို snaing တင်လာသော ပုံပြင်ကို မြန်မာပြန်ပါသည်။
စာရှုသူများအတွက် မေးခွန်း

- ဒီဂဏန်းကြီး ဒုတိယအကြိမ်မှာ တုတ်ဟိုဘက်ထိပ်ကို ရောက်မယ်ထင်ပါလား၊ ဒါမှမဟုတ် ရေနွေးအိုးထဲပဲ ပြုတ်ကျလေမလား။
- ဟိုဘက် ရောက်မယ်လို့ထင်ရင် ဖိုးသူတော်ကြီး ဘာဆက်လုပ်မယ်များ ထင်ပါသလဲ။