Thursday, March 27, 2008

River of Remembrance

၂၇၊ ၃၊ ၂၀၀၈

အမှတ်တရ မြစ်တစ်စင်း

အနီအိုရောင်
နီညိုရောင်ရင့်ရင့်နဲ့
ဟောင်းသော်လည်း ခိုင်ခံ့နေဆဲ
အိုသော်လည်း အားမာန်ဝင့်နေဆဲ
ပညာရှင်ပေါင်းများစွာ
ပြီးတော့ ... ငါတို့ရဲ့
အမိတက္ကသိုလ်။

သည်နေရာမှာ ...
ကံ့ကော်တောမရှိ
ခုံတန်းလျားမရှိ
ခြင်္သေ့တံခါးမရှိ

သည်နေရာမှာ ...
အဓိပတိလမ်းမရှိ
သစ်ပုတ်ပင်မရှိ
အင်းလျားကန်မရှိ

သည်နေရာမှာ ...
ဦးချစ်မရှိ
ယမ်းဘီလူးမရှိ
အပန်းဖြေရိပ်သာမရှိ

သည်နေရာမှာ ...
ရတနာမရှိ
သီရိမရှိ
ဂျပ်ဆင်မရှိ

ဒါပေမယ့်လေ ...

သည်နေရာမှာ ...
နေရာကျဉ်းကျဉ်းကျပ်
ကပ်ကပ်သပ်သပ်
စမ်းသပ်ခန်းလေးတွေ ရှိတယ်။

သည်နေရာမှာ ...
ရှစ်ဆယ်မက
ပိုးမွှားသောင်းပြောင်း
များစွာရဲ့အကြောင်း
ပြောပြနိုင်တဲ့
လက်တွေ့ခန်းတွေ ရှိတယ်။

သည်နေရာမှာ ...
ကိုးဆယ့်ခြောက်မက
ရောဂါများစွာ
တိုက်စားခဲ့လို့
ပုံပန်းပျက်ယွင်းခဲ့
အစိတ်အပိုင်းများစွာ
လေ့လာနိုင်တယ်။

သည်နေရာမှာ ...
ဝေဒနာရဲ့စွမ်းအား
ပယ်ရှားနိုင်မယ့်
အစွမ်းထက်ဆေးဝါးများစွာ
လေ့လာနိုင်တယ်။

သည်နေရာမှာ ...
ဒုက္ခသုံးပါးက
တစ်ပါးသော ဒုက္ခ
နာရတဲ့ အဖြစ်ကို
စစ်ကြေညာတိုက်ခိုက်ဖို့
ပညာရှင်ပေါင်းများစွာ
လေ့ကျင့်ပေးခဲ့တယ်
ပေးနေတယ်
ပေးနေဦးမယ်။

သည်နေရာမှာ ...
သေမင်းရဲ့စွမ်းအင်
ဆန့်ကျင်ဖြိုဖျက်
အသက်ဆက်နိုင်ဖို့
ပညာရှင်ပေါင်းများစွာ
လေ့ကျင့်ပေးခဲ့တယ်
ပေးနေတယ်
ပေးနေဦးမယ်။

သည်လိုနဲ့ပဲ
ဟောသည့်နေရာ
အမိတက္ကသိုလ်ဟာ
နှစ်ခြောက်ဆယ် သက်တမ်း
ဖြတ်သန်းပြီးခဲ့ပါပြီ။

အမိတက္ကသိုလ်ရဲ့
နှစ်ခြောက်ဆယ်ကျော်သက်တမ်းမှာ
သားပေါင်းများစွာ
မွေးဖွားသန့်စင်ပေးခဲ့ပါပြီ။

အမေ့သားတွေထဲမှာ ...
သားကောင်းများစွာပါခဲ့မယ်
သားဆိုးများစွာပါခဲ့မယ်။

ထူးချွန်တဲ့ သားတွေပါခဲ့မယ်
ညံ့ဖျင်းတဲ့ သားတွေပါခဲ့မယ်။

သူရဲကောင်းများစွာပါခဲ့မယ်။
အလံလှဲသူများစွာပါခဲ့မယ်။

သစ္စာရှိသူများစွာပါခဲ့မယ်
သစ္စာဖောက်သူများစွာပါခဲ့မယ်။

အမိဂုဏ်မြှင့်သူတွေပါခဲ့မယ်
အမိဂုဏ်ဖျက်သူတွေပါခဲ့မယ်။

အမိကျေးဇူးဆပ်သူတွေပါခဲ့မယ်
အမိကျေးဇူးကန်းသူတွေပါခဲ့မယ်။

ဘယ်လိုပဲဖြစ်ဖြစ်
အမိတက္ကသိုလ်ကတော့
သားမှန်သမျှ
မခွဲမခြား
မျက်နှာမလိုက်
မချွင်းမချန်
ပညာအမွေပေးဝေနေဆဲပါ။

တို့တတွေဟာလည်း
အမေ့ရဲ့
သားပေါင်းများစွာထဲက
အသိုက်တစ်အုံ သားတစ်မြုံ။

တို့တစ်တွေ
အမေ့ရဲ့
သားကောင်းများ ဖြစ်ပါစေ။
ထူးချွန်တဲ့သားတွေ ဖြစ်ပါစေ။
သူရဲကောင်းတွေ ဖြစ်ပါစေ။
သစ္စာရှိသူတွေ ဖြစ်ပါစေ။
အမိဂုဏ်မြှင့်သူတွေ ဖြစ်ပါစေ။
အမိကျေးဇူးဆပ်သူတွေ ဖြစ်ပါစေ။

ပြီးတော့လည်း ...
အနီအိုရောင်
နီညိုရောင်ရင့်ရင့်နဲ့
ဟောင်းသော်လည်း ခိုင်ခန့်ဆဲ
အိုသော်လည်း အားမာန်ဝင့်ဆဲ
ပညာရှင်ပေါင်းများစွာ
ပြီးတော့ ... ငါတို့ရဲ့
အမိတက္ကသိုလ်ကို
အစဉ်အမြဲ
ရင်ထဲက သတိတရ ရှိကြပါစေ။ ။

“သားများ” နေရာတွင် “သမီးများ” ဟုလည်း နှစ်သက်သလို ပြောင်းလဲ ဖတ်ရှုကြပါရန်။

စာကိုး။ (တိုက်ရိုက်ကူးရေးခြင်း ဖြစ်ပါသည်)
ဆေးတက္ကသိုလ် (၁) ရန်ကုန်
၁၉၈၆ - ၉၆
အမှတ်တရမြစ်တစ်စင်း

ဓါတ်ပုံများ ကို Alumni Myanmar Institutes of Medicine ၀က်ဆိုဒ်မှ ရယူပါသည်။

Read More...

Sunday, March 9, 2008

Ye Mon is Travelling (2)

၈၊ ၃၊ ၂၀၀၈ - ၉၊ ၃၊ ၂၀၀၈

ရဲမွန်ခရီးသွားနေသည် (၂)

ဘိလပ်ခရီး (ပထမနေ့)

လေကြောင်းခရီး

ပြောထားသည့်အတိုင်း ညနေ ၇ နာရီ ၂၅ မိနစ် ထွက်ဖြစ်သည်။ တိုက်တိုက်ဆိုင်ဆိုင် ဒီညက အမေရိကားမှာ ဤကိုကျွဲုလုပ်တဲ့ည ဖြစ်နေတာပါ။ ဘိလပ်ကတော့ မတ်လ ၃၀ ရက်နေ့မှ လုပ်မယ် ဆိုတော့ နဂိုက ဘော်လ်တီးမိုးနဲ့ လန်ဒန် အချိန် ၅ နာရီကွာနေရာကနေ လောလောဆယ်မှာ ၄ နာရီပဲ ကွာပါတော့တယ်။ အချိန်တွေ ကျုံ့သွားတာပေါ့။


ဘလောက်ရေးရအောင်လည်း ဈာန်ကမ၀င် ဆိုတော့ အစာစားလိုက်၊ ခဏမှေးလိုက်၊ ရုပ်ရှင်ကြည့်လိုက် နဲ့ လိုက်ပါလာပါတယ်။ ကြည့်မိတဲ့ ရုပ်ရှင် တစ်ပိုင်းတစ်စက စိတ်ဝင်စားဖို့တော့ ကောင်းသား။ Sliding Doors လို့ အမည်ရတဲ့ ၁၉၉၈ ခုနှစ်က ရုပ်ရှင်ဟောင်းတစ်ခု။
ရုပ်ရှင်ထဲမှာ မင်းသမီးက မြေအောက်ရထားစီးဖို့ အလာ၊ ရထားကို ကပ်ပြီးလွတ်သွားပါတယ်။ နောက်ပိုင်းမှာ ဇာတ်လမ်းက တစ်ခန်းပြီး တစ်ခန်း ဆက်သွားပါတယ်။ နောက်ထပ် ဇာတ်ဝင်ခန်း တစ်ခုကတော့ မင်းသမီး ရထားကိုမီပြီး စီးဖြစ်သွားပါတယ်။ ဆက်လာတဲ့ ဇာတ်လမ်းကတော့ ပထမဖြစ်စဉ်နဲ့ အတော့်ကို ကွဲပြားသွားပါတယ်။ ရထားမီတာ မမီတာလေး တစ်ခုရဲ့ နောက်မှာ မင်းသမီးရဲ့ ကျန်တဲ့ ဘ၀တစ်လျှောက် ဖြစ်စဉ်တွေ လုံးဝပြောင်းလဲသွားရတာကို “ကံကြမ္မာ” လို့ပဲ ဘာသာပြန်ရမယ်ထင်တယ်။
ဒီလိုနဲ့ ဇာတ်လမ်း မပြီးခင်မှာပဲ ဟိသရိုးလေဆိပ်ကို လေယာဉ် ဆိုက်လာပါတော့တယ်။

လေဆိပ်အ၀င်

လူဝင်မှုကြီးကြပ်ရေးဂိတ်မှာ ဘိလပ် နဲ့ ဥရောပတိုက်သားတွေ အတွက်က တစ်နေရာ ကျန်သူများအတွက်က တစ်နေရာ သတ်မှတ်ပေးထားပါတယ်။ သက်ဆိုင်ရာနေရာမှာ တန်းစီပြီး စောင့်နေလိုက်ပါတယ်။ လူတန်းရှည်ပေမယ့် တစ်ယောက်ကို ၁ မိနစ် ၂ မိနစ်လောက်ပဲကြာတော့ ခပ်မြန်မြန်ပဲ ရှေ့ရောက်သွားပါတယ်။

ဒီလိုနဲ့ စာရေးသူအလှည့်ကျတော့ လူဝင်မှုကြီးကြပ်ရေး ၀န်ထမ်းက နိုင်ငံကူးလက်မှတ်ကို ဖင်ပြန်ခေါင်းပြန် ကြည့်ပါတယ်။ သက်တမ်းတိုး တံဆိပ်တုံးကို ရှာမတွေ့လို့ နေရာမေးပါတယ်။ သက်တမ်းတိုးထားတာ ပြလိုက်တော့လည်း မပြီးသေး။ “မင်းက အမေရိကားမှာ ဗီဇာကုန်နေလို့ ဒီမှာ ဗီဇာ လာတိုးတာလား” ဆိုပြီး မေးနေပြန်ရော။

ဒီနေရာမှာ နည်းနည်း ရှင်းပြလိုတာက နိုင်ငံကူးလက်မှတ်မှာ ကပ်ပေးလိုက်တဲ့ အမေရိကန် ကျောင်းသားဗီဇာက တစ်နှစ်သာ သက်တမ်းရှိပေမယ့် ကျောင်းတက်နေသေးသရွေ့၊ အမေရိကန်နိုင်ငံထဲမှာ နေနေသရွေ့ အသက်ဝင်ပါတယ်။ သက်တမ်းတိုးရန်မလို။ ဒါပေမယ့် အမေရိကန်နိုင်ငံ ပြင်ပကို အကြောင်းတစ်ခုခုကြောင့် ထွက်ရရင် နိုင်ငံကူးလက်မှတ်မှာ ဗီဇာ ပြန်ကပ်ရပါတယ်။

ဒီစနစ်ကို ဘိလပ်က လူဝင်မှုကြီးကြပ်ရေး ၀န်ထမ်း သိဟန်မတူ။ အစည်းအဝေးလာတက်တဲ့ အတွက် အမေရိကန်ဗီဇာ ပြန်ကပ်ရန်လိုကြောင်း ရှင်းပြတာလည်း သဘောက မပေါက်။ ကျောင်း၊ အစည်းအဝေး နဲ့ ပတ်သက်တဲ့ စာရွက်စာတမ်းတွေလည်း ခိုင်ခိုင်လုံလုံပါနေသည့်အပြင် အရင်လည်း ဘိလပ်ကို လာဖူးပြီးသားဖြစ်လို့ သူ့နိုင်ငံမှာ တရားမ၀င် နေထိုင်ရန် ကြိုးစားနေသူ မဟုတ်မှန်းလည်း သိသာနေသည်။ ဒါတောင်မှ အမေရိကန်ဗီဇာ သက်တမ်းတိုးရန် အတွက် ဘိလပ်ကို လာတယ်လို့ပဲ ထင်နေသေးကာ ဗီဇာ လျှောက်စဉ်က တင်ပြပြီးဖြစ်တဲ့ အထောက်အထားစာရွက်တွေ တစ်ခုမကျန် ပြန်တောင်းပြန်သည်။ ဒါတွေ ပေးပြီးတာနဲ့လည်း မပြီးသေး အထက်အရာရှိကို သွားမေးမယ်ဆိုပြီး ထွက်သွားပါတယ်။

၁၅ မိနစ်လောက် ကြာမှ ပြန်လာပြီး ဗီဇာအ၀င်တုံး ထုနေတုန်းမှာတောင် မင်းမှာ ငွေလုံလုံလောက်လောက်ပါရဲ့လား ဘယ်မှာတည်းမှာလဲ ဘာလဲ ညာလဲ မေးပြောပြောနေပြန်သေးသည်။ စာရေးသူလည်း စိတ်မသက်မသာနဲ့ “အင်း .. ငွေတော့ သိပ်မပါဘူး၊ အကြွေးဝယ်ကပ်ပဲပါတယ်” လို့ ဖြေရပြန်တယ်။

ဘိလပ်က ကြိုဆိုပုံများ တယ်သင်းသကိုး ...

တည်းခိုရာဟိုတယ်သို့

မြေပုံအရဆိုရင် မြေအောက်ရထားက ဟိုတယ်နားအထိ တိုက်ရိုက်ရောက်ပါမည်။ လက်မှတ်ဝယ်ပြီး ရထားပေါ် အငြိမ့်သားထိုင်သည်အထိတော့ အဆင်ပြေပါသည်။ ၅ ဘူတာ ၆ ဘူတာလောက် စီးအပြီးမှာတော့ ရထားက ဆက်မသွားတော့ပါ။ တနင်္ဂနွေနေ့မို့ ရထားလမ်း ပြင်ဆင်နေပါသည် .. တဲ့။ ဘူတာ နှစ်ခုကျော်လောက်မှာ သွားပြီး စီးရပါမည်။ ဘတ်စ်ကား စီစဉ်ပေးထား၍သာ တော်တော့သည်။ ဒါပေမယ့် ရွေ့လျား စက်လှေကားတွေ မရှိတော့ ခရီးဆောင်အိတ်ကို လှေကားထစ်များအတိုင်း ဆွဲမပြီး တက်ချီဆင်းချီ လုပ်ရသည်။ လေ့ကျင့်ခန်းပေပ။

နောက်ဆုံးမှာတော့ တည်းခိုရာ Bedford Hotel ကိုရောက်ပါသည်။ ကြိုတင် ဘွတ်ကင်လုပ်ထား၍ အချိန်စောနေပေသည့် အခန်းက အဆင်သင့်ရသည်။ တစ်ယောက်ခန်းဟု အမည်နှင့်လိုက်အောင် ဟိုတယ်ခန်း ကျဉ်းကျဉ်းထဲမှာ ရေချိုးခန်းကျဉ်းကျဉ်း၊ အိမ်သာ သေးသေး၊ နှင့် တစ်ယောက်အိပ် အိပ်ယာကျဉ်းကျဉ်းသာရှိသည်။ ဒါကိုပင် တစ်ညကို စတာလင်ပေါင် ၇၀ ကျော်ပေးရသည်။ ဘာပဲဖြစ်ဖြစ် ညက အိပ်ရေးပျက်ခဲ့သည်ကို ယခုမှပင် အတိုးချ အိပ်ရတော့မည်။

ညစာကိုတော့ ဟိုတယ်အနီးရှိ အိန္ဒိယစားသောက်ဆိုင်မှာပဲ အားပေးလိုက်သည်။

(ဆက်ရန်)

Read More...

Saturday, March 8, 2008

Ye Mon is Travelling

၈၊ ၃၊ ၂၀၀၈

ရဲမွန်ခရီးသွားနေသည်

ဘိလပ်ခရီး

ခရီးအစ

နံနက်စောစော နိုးနေသည်။ ခရီးသွားရန် စိတ်စောနေ၍တော့ မဟုတ်၊ ညက အိပ်ရာ စောစောဝင်ခဲ့၍သာ။ နိုးနေမှတော့ သွားရမည့် ဘိလပ်ခရီးတွင် ယူရန်ပစ္စည်းစာရင်း နှင့်ပစ္စည်းများကို ပြန်စစ်ကြည့်သည်။ ဘိလပ်ရောက်လျှင် တည်းခိုရမည့်နေရာကို မည်သို့သွားရမည်နည်းဟု အင်တာနက်တွင် ရှာသည်။ နာမည်ကြီး လန်ဒန်အငှားယာဉ်ကိုပဲ စီးသွားရကောင်းမလား။ မီတာချိုးပြီး စီးလည်းရသည်၊ ယာဉ်မောင်းနှင့် ညှိပြီး ဈေးဖြတ်စီးလည်း ရသည်။ ခက်တာက မိမိက ပေါက်ဈေးမသိ။ တော်ကြာ လန်ဒန်မြို့ပတ်ပြီးခေါ်သွားနေမှ အခက်။ ဒါမှမဟုတ် မြေအောက်ရထား စီးရင်ကောင်းမလား။ လိုင်းပြောင်းစရာမလိုပဲ ဟိုတယ်နားအထိ ရောက်သွားနိုင်သည်။ ကမ္ဘာကြီး စိမ်းလန်းဖို့လည်း အထောက်အကူဖြစ်မည်။ အငှားယာဉ်ထက်လည်း ဈေးသက်သာနိုင်သည်။ မြေအောက်ရထားပဲ ကောင်းမည်ထင်ပါသည်။ ရပ်ဆယ်ရင်ပြင် ဘူတာမှာဆင်းပြီး ဂိုက် ၃၀၀ လောက်လမ်းလျှောက်လိုက်လျှင် ဟိုတယ်ကို ရောက်သွားပေမည်။

ဘိလပ်က တခြားမြို့တွေကိုရော ဘယ်လိုသွားတာ အဆင်အပြေဆုံး အသက်သာဆုံးဖြစ်မလဲ ဆက်ရှာနေပြန်သည်။ ရထားကမြန်သည်၊ ဈေးကြီးသည်။ ကားက ဈေးသက်သာသည်၊ ရထားထက် နှစ်ဆ၊ သုံးဆလောက်ပိုကြာမည်။ ကားငှားပြီး မောင်းသွားရင်ကော။ အင်း … ကားလမ်းက လက်ဝဲကပ်မောင်း ဖြစ်နေသည်။ စတီရာတိုင်ကတော့ ရွာမှာလိုပဲ ညာဖက်မှာ ရှိမှာမို့ သိပ်ပြဿနာမရှိလှ။ လမ်းက ဘယ်ကပ်နေတာက ခက်သည်။ အ၀ိုင်းတွေကလည်း များမှများ။ အပတ်မှားလို့ရှိရင် တခြားကားတွေနဲ့ ထိပ်တိုက်တွေ့နိုင်သည်။ အင်း သိကျွမ်းသူများနဲ့ မေးဦးမှပါ။ ကော်ကြီးသိုက ဘိလပ်မှာ အတော်ကြာကြာနေဖူးတော့ သိနိုင်သည်။ ပြီးမှပဲ ဖုံးဆက်မေးဦးမယ်။

တဖြေးဖြေးနှင့် မိုးက စင်စင်လင်းလာသည်။ ညစာတုန်းက အရည်သောက်နှင့်သာ ပြီးထားတော့ ဗိုက်ကလည်း တကွိကွိမြည်လာပြီ။ ကံကောင်းချင်တော့ ထမင်းကြော်စားရသည်။ ကံဆိုးချင်တော့ ပါနေကျ ၀က်ပေါင်ခြောက်ကမပါ။ ထားတော့။ အရေးကြီးသည်က အမေရိကားပြန်လာဖို့ ပြည်ဝင်ခွင့်ဗီဇာအတွက် လိုအပ်တဲ့ စာရွက်စာတမ်းတွေ စုံဖို့လိုသည်။ ဒီအနံကြီး ကွင်းကျယ်တွေက သိပ်မလွယ်။ စိတ်မထင်ရင် မထင်သလို ရစ်နိုင်သည်။ မိမိ တိုင်းပြည်မှာ ဗီဇာမ၀င်ပဲ ဘိလပ်မှာ ခရီးကြုံ ဗီဇာဝင်တာကို ပြဿနာ ရှာမယ်ဆို ရှာလို့ရသည်။ လိုတာတွေတော့ ပါပြီ။ ဒါကိုမှ ရစ်နေသေးရင်လည်း အမိနိုင်ငံတော်ကြီးကို ပြန်ရုံပ။ သိပ်တော့ ကိစ္စမရှိပါ။

အခုလောလောဆယ် အရေးကြီးနေတာက ဘိလပ်ဗီဇာ။ အခုထိ လက်ထဲ မရောက်သေး။ ယောက်မြို့အသစ်ကြီးမှာ ရှိတဲ့ ဘိလပ်ကောင်စစ်ဝန်ရုံးကို အမြန်ချောပို့နဲ့ ပို့ထားတာ ၁၀ ရက်လောက် ရှိနေပြီ။ မနေ့ကတော့ အားချင်းပို့လိုက်မယ်လို့ ဖုံးဆက်လာတော့ ဒီနေ့ လေယာဉ်မထွက်ခင် အမီ ရောက်ကောင်းပါရဲ့။ သေချာအောင် စစ်ကြည့်ဦးမှ။ ကောင်စစ်ဝန်ရုံးက ပို့ထားတဲ့ မှတ်ပုံတင်စာအမှတ်ကို အင်တာနက်မှာ ရှာကြည့်လိုက်တော့ နိုင်ငံကူးလက်မှတ်က လမ်းတ၀က်ရောက်နေပြီ။ ရာသီဥတုကတော့ ဆိုးနေဆိုပဲ။ ဟုတ်မှာ။ ဒီမှာလည်း ကောင်းကင်တခွင်လုံး မှိုင်းပြီး မိုးတွေက ဖြိုးဖြိုးဖြောက်ဖြောက်နဲ့။ နှစ်ဖက်သော ဘောလုံးသမားများအကြိုက် ရာသီဥတု။

လက်ဆောင်ပစ္စည်းလေး နဲနဲ ထွက်ဝယ်ရဦးမယ်။ လျှပ်စစ်ပစ္စည်းတွေကို ဘိလပ်က ပလပ်ပေါက်နဲ့ သုံးလို့ရအောင် ကြားခံ ပလပ်ပေါက် ၀ယ်ရဦးမယ်။ အင်္ကျီ မီးပူတိုက်ရဦးမယ်။ အချိန်ကပ်ပြီးမှ လုပ်တတ်သည့်အကျိုးကို ကောင်းကောင်းကြီး ခံစားနေရသည်။ နောင်တတော့ သိပ်ရပုံမပေါ်။ စိတ်ပုသူများကသာ ပူနေသည် စာရေးသူကတော့ အေးအေးဆေးဆေး။

လိုအပ်သည်များကို ၀ယ်ခြမ်းပြီးတော့ နေ့လည် ၁ နာရီထိုးနေပြီ။ နိုင်ငံကူးလက်မှတ်လည်း ရောက်လာပြီ။ စာရွက်စာတမ်းစုံပြီ။ အ၀တ်မီးပူတိုက်။ ကားနောက်ဖုံး ဂိုထောင်ထဲရှိ သေတ္တာတစ်ခုထဲက ကြောင်လျှာသီး နှစ်ခုသွားထုတ်။ ၀တ်မယ့်အ၀တ်တွေပုံထား သေတ္တာထဲ ထည့်စရာရှိတာထည့်၊ ကျောပိုးအိတ်ထဲ ထည့်မှာတွေထည့် နှင့် ဇယ်ဆက်သလို လုပ်နေသည်။ တအိမ်လုံးကတော့ ခရမ်းချဉ်သီး ငပိချက်နံ့ဖြင့် ထုံသင်းလို့နေသည်။ ဘိလပ်သားတွေတော့ စာရေးသူကို ဗမာမှန်း မမေးပဲ သိနိုင်လောက်သည်။ အားလုံးပြီးတော့ ရေမိုးချိုး၊ ဘုရားကန်တော့ပြီး အသင့်စောင့်နေသည့် လေကြယ်ကားကြီးပေါ်ကို အခန့်သားတက်ကာ လေယာဉ်ကွင်းကို ရောက်လာသည်။ သူငယ်ချင်းကြီးများက ဘိလပ်သွားမည်ဆိုတော့ တကူးတက လိုက်ပို့ကြသည်ပေါ့။ အချို့သော လိုက်ပို့သူများက ခရီးသွားမယ့်သူထက်ပင် သားနားနေတော့ စာရေးသူပင် အားငယ်ချင်သလိုလို။ အင်းလေ .. ဘိလပ်သွားမယ်ဆိုတော့ လေယာဉ်ကွင်းမှာ လိုက်ပို့သူများနဲ့ ဓါတ်ပုံလေးဘာလေး ရိုက်ကြရဦးမှာပေါ့။ လေဆိပ်ထဲ ၀င်ဖို့ကလည်း မှတ်ပုံတင်ပြ စာရင်းသွင်းတွေ လုပ်နေဖို့မှ မလိုတာ။ ဒါပေမယ့် လေဆိပ်ရောက်တော့ ပုဂ္ဂိုလ်လေးက အိပ်မောကျနေပြီ။ ကလေးကို မနိုးချင်တာနဲ့ ကျန်သူများလည်း မဆင်းတော့ပဲ စာရေးသူကိုသာ တာ့တာ ဘိုင့်ဘိုင် လုပ်ပြီး ထွက်သွားကြတော့သည်။

လေဆိပ်ထဲရောက်တော့ ဘိလပ်လေကြောင်းလိုင်း ကောင်တာပင် ဖွင့်တောင် မဖွင့်သေး။ ခြေတညောင်းခန့်ကြာမှ လေကြောင်းလိုင်း ၀န်ထမ်းများ အလျှိုအလျှိုရောက်လာသည်။ ရှေ့ကရောက်နှင့်ပြီး ခရီးသည်များ တစ်ယောက်ပြီးတစ်ယောက် သေတ္တာအပ်ပြီးသွားတော့ စာရေးသူအလှည့်။ ကံကြမ္မာက ကျီစားလေပြီ။ နပုန်းလိင် ၀န်ထမ်းနှင့် တွေ့ရ၏။ စကားမရှိ စကားရှာပြီး ပြောနေသည်။ ဗီဇာမှာ ရက်စွဲရေးထားတာကိုပင် ရှေ့ကဟာ လလား၊ ရက်လား ဆိုတာ မေးနေသည်။ နိုင်ငံကူးလက်မှတ် သက်တမ်းတိုးထားတာ ဘယ်နားမှာလည်း မေးသည်။ အားလုံးဖြေပြီးတော့ စာရေးသူသွားရမည့် လေဆိပ်ဝင်ပေါက်ကို ကနွဲ့ကလျဖြင့် လက်ညှိုးညွှန်ပြသည်။ ကျောချမ်းလိုက်သည့်ဖြစ်ခြင်း။

လုံခြုံရေး ဂိတ်ကို ခပ်သွက်သွက်လျှောက်သွားပြီး အစစ်ဆေးခံလိုက်သည်။ အားလုံးပြီးတော့ ညနေ ငါးနာရီ။ လေယာဉ်က ခွန်နစ်နာရီခွဲမှ ထွက်မည် အချိန်အတော်ကျန်သေးသည်။ အကောက်ခွန်မဲ့ ဆိုင်ထဲ ၀င်ကြည့်တော့ သူရာရည်များ အတော် ဈေးတန်နေသည်။ ဟန်ကျပြီ။ မိတ်ဆွေများအတွက် သူရာရည် ရောသော ကော်ဖီနှစ်ပုလင်း ၀ယ်လိုက်သည်။ မ၀ယ်ခင် ဘိလပ်ရဲ့ ဥပဒေက သူရာရည် ဘယ်လောက် သယ်ခွင့်ရှိသလဲ ဆိုတာ စုံစမ်းရသေးသည်။ လေယာဉ်နဲ့ ဆင်းလာလို့ ဥပဒေရဲ့ အထက်က ရှိနေမည် ထင်လျှင် မှားသွားမည်။ ဘိလပ်မှာ ဥပဒေရဲ့ အထက်တွင် ဘယ်သူမှ မရှိ။ မိမိတို့နိုင်ငံကို ကျူးကျော်ထားစဉ်ကပင် သူတို့ချမှတ်ထားသော ဥပဒေကို သူတို့ လေးစားခဲ့သည်။ ဒါကြောင့်လည်း ကိုလိုနီ ဥပဒေအတွင်းမှာပင် ကျောင်းသားသပိတ်များ၊ အခြားသော အမျိုးသား နိုင်ငံရေး စည်းရုံးမှု ကိစ္စများ ပေါ်ပေါက်နိုင်ခဲ့သည် မဟုတ်ပါလား။

ဘိလပ်သွားလေယာဉ်ကြီး ရပ်ထားတာကို မြင်နေရသည့် စားသောက်ဆိုင်တွင်ထိုင်ပြီး အသားညှပ်ပေါင်မုန့် နှင့် ဘီယာမှာလိုက်သည်။ ပြီးတော့ … ပြီးတော့ ဒီဘလောက်ပို့စ်ကို ရေးနေလိုက်ပါသည်။ စာပြီးချိန်ကား ညနေ ၆ နာရီ ၁၆ မိနစ်။ နောက်တစ်နာရီဆိုရင် လေယာဉ်ထွက်လောက်ပြီ။ ဘက်ထရီ အားကောင်းနေသေးရင်၊ ဈာန်ဝင်လာရင်၊ အိပ်မပျော်သေးရင် လေယာဉ်ပေါ်မှာ၊ အတ္တလန်တိတ် သမုဒ္ဒယာရဲ့ ကောင်းကင်မှာ ဘလောက် ဆက်ရေးဖြစ်ပါဦးမည်။

အပိုင်း (၂) သို့

Read More...