၂၉၊ ၃၊ ၂၀၀၉
ဆင်းရဲမျဉ်း
ဆင်းရဲတယ် ဆိုတာကို ၀ိသေသပြု ပြောကြရာမှာ “ကုန်းကောက်စရာ မရှိအောင် ဆင်းရဲတယ်” ဒါမှမဟုတ် “မွဲပြာကျလောက်အောင် ဆင်းရဲတယ်” ဒါမှမဟုတ် “ဖွတ်ကျောပြာစုအောင် ဆင်းရဲတယ်” စသဖြင့် ပြောကြပါတယ်။ တကယ်တော့ အဲဒီ အတိုင်းအတာတွေက သိပ်ပြီး မတိကျလှပေ။ တစ်ခါ နိုင်ငံတစ်နိုင်ငံက အဆင်းရဲဆုံး မိသားစုနဲ့ တခြားနိုင်ငံ တစ်နိုင်ငံက အဆင်းရဲဆုံး မိသားစု ဆင်းရဲပုံ ဆင်းရဲနည်း ကလည်း မတူနိုင်ကြပါ။ အမေရိကားမှာ ဆင်းရဲတဲ့လူ အိမ်ခြေမရှိတဲ့လူက ဘွတ်ဖိနပ်နဲ့ ကုပ်အင်္ကျီအစုပ်တော့ ရှိသေးတယ်။ ကျွန်တော်တို့ နိုင်ငံက ဆင်းရဲတဲ့ လူကတော့ ပုဆိုးစုပ်၊ ကျောဗလာနဲ့ တာရာဖိနပ်တောင် စီးနိုင်ချင်မှ စီးနိုင်လိမ့်မယ်။ တစ်ဖက်မှာ စဉ်းစားဖို့ ကောင်းတာက အေးတဲ့ နိုင်ငံတွေမှာ နေတဲ့လူတွေ အ၀တ်ထူ မရှိရင် အအေးဒဏ်ကြောင့် သေနိုင်ပေမယ့် မြန်မာနိုင်ငံလိုမျိုးမှာတော့ အအေးဒဏ်ကြောင့် သေဖို့ခဲယဉ်းပါတယ်။ ဒါဆို ဆင်းရဲတယ် ဆိုတာကို ကာလံ ဒေသံ အလိုက် ခွဲခြား ပြောကြမလားလို့ တွေးစရာဖြစ်ပါတယ်။ အဲဒီလို အချိန်ကာလ၊ နေရာဒေသတွေ မခွဲခြားပဲ ပြောလို့ရတဲ့ အခြေခံ အကျဆုံးနဲ့ အလွယ်ကူဆုံး တိုင်းတာနည်းကတော့ ဆင်းရဲမျဉ်း (Poverty line) ဖြစ်ပါတယ်။
ဆင်းရဲမျဉ်းရဲ့ အဓိပ္ပါယ်က “လူတစ်ယောက်ဟာ တစ်နေ့ဝင်ငွေ တစ်ဒေါ်လာထက် နည်းပြီး ရရင် ဆင်းရဲပါတယ်” တဲ့။ နောက်ပိုင်း ငွေကြေးဖောင်းပွမှုကို ထည့်သွင်းစဉ်းစားပြီး ပြင်ဆင်လိုက်တာကတော့ “တစ်နေ့ဝင်ငွေ နှစ်ဒေါ်လာအောက်” ဖြစ်သွားပါတယ်။ ဥပမာအားဖြင့် ပြောရမယ်ဆိုရင် မြန်မာနိုင်ငံက လူတစ်ယောက်ဟာ တစ်နေ့ကို ၀င်ငွေ ကျပ် နှစ်ထောင်လောက်မှ မရရင် ဆင်းရဲမျဉ်းအောက်မှာ ရောက်နေတယ်လို့ ပြောလို့ရတယ်။ ဆင်းရဲမျဉ်း အကြောင်းကို လူတိုင်းကြားဖူးနားဝ ရှိပြီးသား ဖြစ်မှာပါ။ ကျွန်တော် ဆက်ပြီး ဆွေးနွေးချင်တာက ဒီ တစ်ဒေါ်လာ နှစ်ဒေါ်လာ ဆိုတဲ့ ကိန်းဂဏန်းတွေ ဘယ်က ရသလဲဆိုတာပါ။
လူတစ်ယောက် အသက်ရှင်သန်ဖို့ရာ အာဟာရဓါတ်လိုပါတယ်။ အာဟာရဓါတ်ကို ကယ်လိုရီ ဆိုတဲ့ ယူနစ်နဲ့ တိုင်းတာပြီး လူကြီးတစ်ယောက်ရဲ့ တစ်နေ့ အာဟာရလိုအပ်ချက်ဟာ ပျမ်းမျှခြင်းအားဖြင့် ၂၂၀၀ ကယ်လိုရီ ရှိတယ်လို့ သိပ္ပံပညာရှင်တွေက လက်ခံထားကြပါတယ်။ တစ်နေ့ကို ကယ်လိုရီ ၂၂၀၀ ထက်ပိုပြီး စားသောက်ခဲ့ရင် ပိုလျှံ ကယ်လိုရီတွေကို ခန္ဓာကိုယ်က အဆီအဖြစ် ပြောင်းလဲပြီး သိမ်းထားပါတယ် (ဥပမာ - အဆီစုပြီး ဗိုက်ပူလာတာမျိုး)။ တစ်နေ့ကို ကယ်လိုရီ ၂၂၀၀ ပြည့်ဝအောင် မစားနိုင်ခဲ့တဲ့ အခါမျိုးမှာတော့ အရင်က သိမ်းဆည်းထားတဲ့ အဆီဓါတ်တွေကနေ အာဟာရဓါတ်ကို ပြန်လည် ထုတ်ယူပါတယ်။ အဆီဓါတ်တွေ ကုန်ခမ်းသွားပြီ ဆိုရင်တော့ အသားဓါတ် (ဥပမာ - ကြွက်သားလိုမျိုး) တွေကနေ ကယ်လိုရီကို ထုတ်ယူသုံးဆွဲရပြန်ပါတယ်။ ဒါကြောင့်ပဲ အချိန်ကြာကြာ အာဟာရ ချို့တဲ့သူတွေကို အရိုးပေါ်အရေတင် ပုံသဏ္ဍန်မျိုး မြင်ရတာပါ။
အဲဒီတော့ကာ တစ်နေ့တာ လိုအပ်တဲ့ ကယ်လိုရီ ၂၂၀၀ ရရှိဖို့ ဘယ်လိုအစားအသောက်တွေ စားရမလဲ၊ အဲဒီ အစားအသောက်တွေကို ၀ယ်ယူဖို့အတွက် ငွေကြေး ဘယ်လောက် ကုန်ကျမလဲ ဆိုတာကို တွက်ချက်ပါတယ်။ ယနေ့ ကုန်ဈေးနှုန်းတွေအရ ကယ်လိုရီ ၂၂၀၀ ရဖို့အတွက် ငွေ နှစ်ဒေါ်လာ လောက် ပေးရတယ်လို့ သိရပါတယ်။ ဒါကြောင့်ပဲ လူတစ်ယောက်ဟာ တစ်နေ့ ငွေနှစ်ဒေါ်လာလောက်မှ မ၀င်ရင် လုံးဝကို ဆင်းရဲပါတယ်လို့ သတ်မှတ်လိုက်တာပါ။
ဆွေးနွေးချက်
တစ်နေ့ တစ်ဒေါ်လာတောင် မ၀င်ဖူး၊ နှစ်ဒေါ်လာတောင် မ၀င်ဖူး ဆိုပြီး ပြောနေတာတွေကို ဖန်တရာတေအောင် ကြားရဖူးပါတယ်။ ဒါပေမယ့် သူတို့ ပြောချင်တဲ့ သဘောတရားဟာ သိပ်ပြီးမမြင်သာဘူး။ တကယ့် အနှစ်သာရဖြစ်တဲ့ ကယ်လိုရီ ၂၂၀၀ ပြည့်အောင် မစားနိုင်တဲ့ လူတွေပါလားလို့ သိလိုက်တဲ့ အခါမှာတော့ …. ဒီအတိုင်းသာ ရက်တွေ လတွေ ကြာလာရင် အရိုးပေါ် အရေတင်ဖြစ်လာမယ် ဆိုတာကို မျက်စိထဲ ကွက်ကွက်ကွင်းကွင်း မြင်လာပါတယ်။
ဒါက စား-၀တ်-နေ ရေး ဆိုတဲ့ အရေးသုံးပါးမှာ စားရေး ကိုပဲ ပြောနေတာကို သတိချပ်ကြည့်မယ်ဆိုရင် တစ်နေ့ဝင်ငွေ ကျပ်နှစ်ထောင်အောက်သာ ရတဲ့ မြန်မာနိုင်ငံသားတွေရဲ့ ဘ၀ဟာ ဘယ်လောက် စိုးရိမ်စရာ ကောင်းမလဲဆိုတာ စာရှုသူတို့ တွေးသာကြည့်ပါတော့။