Saturday, December 23, 2006

Brainstorm

၂၃၊ ၁၂၊ ၂၀၀၆


ဦးနှောက်စားကြမလား


ဘာသာပြန်တာက ဘယ်လိုကြီးလဲဟ လို့ဆိုကြလေမလား။ ဦးနှောက်စားရင် ကျန်းမာရေးနဲ့မညီဖူးလို့ ဝေဖန်လေမလား။ ဦးနှောက် မုန်တိုင်း ဆိုပြန် တော့ လည်း တစ်မျိုးကြီးပါပဲ။ မည်သို့ဆိုစေကာမူ အနှစ်သာရက ပို၍ အရေးကြီးမည်ထင်ပါသည်။ အတတ်နိုင်ဆုံး ဆက်ပြီး ရှင်းလင်း ကြည့်ပါဦးမည်။

Brainstorm (သို့) ဦးနှောက်စားခြင်း ဆိုသည်မှာ ပြဿနာများကို အဖြေရှာတဲ့ နည်းလမ်း တစ်ခုဖြစ်ပါတယ်။ ဥာဏ်နီ၊ ဥာဏ်နက်၊ ဥာဏ်ဝါ၊ ဥာဏ်ပြာ၊ ဥာဏ်ရောင်စုံ၊ အကြံဥာဏ်တွေ မျိုးစုံထွက်လာအောင် အားလုံး ၀ိုင်းပြီး စဉ်းစားကြတာပါ။ အဲဒီ အကြံဥာဏ်တွေထဲ ကမှ အဖြစ်နိုင်ဆုံးတွေကို လက်တွေ့ထုတ်နှုတ်ပြီး သုံးကြည့်ကြပါတယ်။

ဒီလို အဖြေရှာတဲ့အခါမှာ ပါဝင်သူအားလုံး လိုက်နာရမယ့် လုပ်ထုံးလုပ်နည်း အဆင့် ကတော့ ၇ ခု ရှိပါတယ်။

၁။ ဦးနှောက်စားရတဲ့ ရည်ရွယ်ချက် နဲ့ ဘယ်အချိန်အတွင်းမှာ ဆွေးနွေးပွဲကို ပြီးအောင် လုပ်မယ်ဆိုတာ ကိုသိထားရပါမယ်။

၂။ တကယ်တန်း အကြံဥာဏ် ပေးကြပြီ ဆိုရင် ဘယ်အကြံဥာဏ်ကိုမဆို လက်သင့်ခံ စဉ်းစားဖို့ လိုပါတယ်။ ဆွေးနွေးပွဲကို ဦးဆောင်သူက ပွဲထိန်းနိုင်ရပါမယ်။ ပေးလာတဲ့ အကြံတွေကို အားလုံးမြင်သာတဲ့ နေရာ (ဥပမာ – ကျောက်သင်ပုံး၊ flip-chart ) မှာ ရေးမှတ် ထားဖို့လိုပါမယ်။ ပေးတဲ့အကြံကို မရှင်းလင်းလျှင် ဦးဆောင်သူက အကြံပေးသူကို ပြန်လည်မေးမြန်းနိုင်ပါတယ်။ ဤအဆင့်တွင် သတိပြုရန်မှာ – အခြားဆွေးနွေးသူများကို ၄င်းတို့၏ ဝေဖန်ချက်များကို ခေတ္တအောင့်အည်းထားဖို့ ပြောထားရပါမယ်။ မဟုတ်ရင် တစ်ယောက်ရဲ့ အကြံကို တစ်ယောက် ကဝေဖန်ရင်း၊ ပြန်လည် ချေပရင်း နဲ့ အချိန်ကုန်သွားနိုင်ပါတယ်။ လူအများရှေ့ မှာ စကားပြောဖို့ ၀န်လေးသူတွေ ဆီက အကြံဥာဏ်တွေလည်း ရလာတော့မှာ မဟုတ်ပါဘူး။ ဒီအဆင့်ဟာ အကြံဥာဏ် များနိုင်သမျှ များများရအောင် လုပ်ဆောင်တာဖြစ်ပါတယ်။ ပေးလာတဲ့ အကြံဟာ ဖြစ်နိုင်၊ မဖြစ်နိုင်၊ ဆောင်ရွက်ရန် လွယ်ကူ၊ မလွယ်ကူ စသည်များကို ဝေဖန် ဆန်းစစ်နေခြင်းမဟုတ်ပါ။

၃။ သတ်မှတ်ချိန် စေ့သွားလျှင် သို့မဟုတ် အကြံသစ်ထပ်ထွက်မလာတော့ရင် ရလာတဲ့ အကြံများကှို တူရာတူရာ အုပ်စုလေးများ ခွဲရပြီး အနှစ်ချုပ် ရေးသားရပါမယ်။

၎။ ပြီးလျှင် ဒီအကြံအုပ်စုများ ကို အားလုံးနှင့်အတူ ဝေဖန် သုံးသပ် ရပါမယ်။ သတိပြုရန် မှာ အကြံပေးသူဟာ သူပေးခဲ့တဲ့ အကြံကို အကျောက်အကန် ကာကွယ်တတ်ပါတယ်။ အချင်းချင်းကြားထဲ တွင်လည်း မည်သူ့အကြံဥာဏ်က သာတယ် ကောင်းတယ်ဟု မသိမသာရော၊ သိသိသာသာပါ ပြိုင်ဆိုင်လိုကြပါတယ်။ ဒီလိုပြိုင်ဆိုင်မှုမျိုးဟာ ကောင်းကျိုးထက် ဆိုးကျိုးကိုပိုစေပါတယ်။ အဖွဲ့ရဲ့စည်းလုံးမှုကိုလည်း ပျက်ပြား စေတတ်ပါတယ်။ သို့ပါ၍ ပွဲမစမီကတည်းက ပေးလာသော အကြံဥာဏ်များသည် မိမိတစ်ဦးတည်း မူပိုင်မဟုတ်ပဲ အုပ်စုပိုင်ဖြစ်ကြောင်း နှင့် မိမိပြောလိုသော အချက်မှာ အခြားသူတစ်ဦးက အလျင် ပြောပြီးသားမျိုး ဖြစ်နေနိုင်ကြောင်း ရှင်းလင်း ထားသင့်ပါသည်။

၅။ ရရှိလာသော အကြံဥာဏ်အုပ်စုများကို ဦးစားပေး အဆင့်ခွဲရန်ဖြစ်သည်။ ဦးစားပေး အဆင့်ခွဲရာတွင် မည်သည့် အချက်အလက်၊ ၀ိသေသ များကို အဓိကထား၍ ခွဲခြားမည်ကို ကနဦးသဘောတူပြီးမှသာ စတင်၍ အဆင့်ခွဲခြားသင့်ပါသည်။ မိမိ စိတ်တွေ့ရာ အကြံကို ဦးစားပေးခြင်းမျိုး၊ မန်နေဂျာကြီးပြောသည့် အကြံဖြစ်၍ ဦးစားပေးခြင်းမျိုးကို လုံးဝရှောင်ကြဉ်သင့်ပါသည်။ အဓိကထားရမည့် အချက်များကို ဥပမာ ပြရလျှင် ကုန်ကျစရိတ်၊ အဖွဲ့ဝင်များ၏ ကျွမ်းကျင်မှု၊ ကြာမြင့်ချိန် စသည်တို့ဖြစ်ပါသည်။ မိမိအဖွဲ့အစည်းနှင့် ပြဿနာ၏ သဘောသဘာဝပေါ်မူတည်၍ ဤအချက်အလက်များကို သင့်သလို အသုံးချရန်ဖြစ်သည်။ လှေနံဓါးထစ် သတ်မှတ်ထားရန်မဟုတ်။ အဓိက ဆိုလိုသည်မှာ ဓမ္မဓိဌာန်ကျကျ အဆင့်ခွဲခြားရန် ဖြစ်ပါသည်။

၆။ ထိပ်ဆုံး ဦးစားပေးအဆင့် တွင် ရှိသည့် အကြံကို အကောင်အထည်ဖော်ရန် အစီအစဉ် ရေးဆွဲရပါမည်။ မည်သူက၊ မည်သည့်နေရာ၊ မည်သည့်အချိန်တွင်၊ မည်သို့ဆောင်ရွက်မည် နှင့် မည်မျှကုန်ကျမည် စသည်တို့ကို အသေးစိတ် စီစဉ်ရပါမည်။

၇။ စီစဉ်ထားသည့် အတိုင်း အမှန်တကယ်ဆောင်ရွက်နိုင်ခြင်း ရှိမရှိ နှင့် အောင်မြင်မှုရှိမရှိကို စောင့်ကြည့်ရန်။ မည်သူက တာဝန်ရှိ၍ မည်သူ့ကို အစီရင်ခံရမည် စသည်တို့ကိုလည်း ရှင်းရှင်းလင်းလင်းဖော်ပြရန်လိုပါသည်။

စာကိုး။
http://www.businessballs.com/brainstorming.htm

No comments: