Wednesday, October 17, 2007

Changing car radiator

၁၇၊ ၁၀၊ ၂၀၀၇

ကား ရေတိုင်ကီ လဲခြင်း

စီးတော်ယာဉ်က ကိုယ့်ကို ပြန်စီးတဲ့အချိန်ပေါ့။ ကားတန်ဖိုးကတော့ သက်သာပါရဲ့ ထိခိုက်မှုအာမခံ နဲ့ ပြင်ဆင်စရိတ်ကတော့ ထောင်းလေတယ်။ လတ်တလော ပြဿနာကတော့ ကားရေတိုင်ကီ အပေါ်နားမှာရှိတဲ့ စွန်ကုတ်ကနေ ရေစိမ့်နေတာပါ။

ရွာမှာဆိုရင်တော့ ရွှေဝါ ဆပ်ပြာလောက်နဲ့ ကိစ္စပြီးပါတယ်။ ဒီမှာက ရွှေဝါဆပ်ပြာ ရှာမရဖူးလေ။ စက်ပြင်ဆရာက ရေတိုင်ကီ အသစ်လဲဖို့ အကြံပေးတယ်။ ခန့်မှန်း ကုန်ကျစရိတ် ဒေါ်လာ ၂၅၀ တဲ့။ ( မျက်လုံး နဲနဲ ပြူးသွား ) ဒါပေမယ့်လဲ သွားရင်းလာရင်း ကားထိုးရပ်သွားရင် ကရိန်းကား ခေါ်ဆွဲနေရမယ်။ ဒါဆို ကားဆွဲခ နဲ့ အရေးပေါ် ပြင်ခ အပိုထပ်ကုန်ဦးမယ်။ မဖြစ်သေးပါဘူး။ လဲဦးမှပါ။

သူငယ်ချင်းကြီးကတော့ မူလီ လေးလုံးလောက် ဖြုတ်ရမှာပဲ ကိုယ့်ဘာသာ လုပ်ပေါ့တဲ့။ ဟုတ်လောက်ပါတယ် လက်ခလဲ သက်သာမှာပေါ့။ ဈေးသက်သာတဲ့ ဆိုင်မှာ ပစ္စည်းရှာဝယ်ဦးမှပါ။ အင်တာနက်မှာ နာရီဝက်လောက် မွှေပြီးသကာလ လက်ကားဆိုင်တစ်ခုမှာ ၁၁၅ ဒေါ်လာ နဲ့ ရေတိုင်ကီ အသစ်တစ်ခုရတယ်။ ရေတိုင်ကီအသစ်ကို ဂိုဒေါင်မှာသွားယူ၊ ပြီးတော့ အိမ်နေရာကျယ်တဲ့ မိတ်ဆွေအိမ်ကိုသွား၊ နောက်သူငယ်ချင်းကြီး (သူက တကယ်ကြီး၏) တစ်ယောက်ကို ချောဆွဲပြီးသကာလ။ ဖြုတ်၊ ဖျက်၊ တပ် အစီအစဉ်ကြီး စပါတော့တယ်။

တကယ်လုပ်တော့ မူလီ လေးလုံးနဲ့မပြီးဘူး။ ရေတိုင်ကီအောက်မှာ ခံထားတဲ့ သဲကာ ပလပ်စတစ်ပြားကို ဖြုတ်ရတာနဲ့တင် တော်တော်ကြာတယ်။ မူလီ ၈ လုံး က သံချေးကိုက်နေတဲ့အပြင် မီလီမီတာဆိုဒ် ဖြစ်လိုက်၊ လက်မ ဆိုဒ် ဖြစ်လိုက်နဲ့။ ဒီကြားထဲ နပ်တစ်လုံးကလဲ လည်လိုက်နေတယ်။ နောက်ဆုံးမှာတော့ (WD-40 အားကိုးနဲ့) ရွှေဘ နိုင်တာပေါ့ ဘာရမလဲ။ ရေအ၀င်အထွက်ပိုက်နဲ့ ပန်ကာတွေကို ဖြုတ်ရတာတော့ လွယ်ပါတယ်။

ကိုင်း အပ်ချလောင်း .. လာလေရော့ ရေတိုင်ကီအသစ်။

ရေတိုင်ကီသာ ပြောတာ။ ရိုးရိုးရေ ထည့်လို့မရဘူး။ ရေခဲအမှတ်နိမ့်တဲ့ အီသိုင်လင်း ဂလိုက်ကော ရောထားတဲ့ ရေကိုထည့်ရပါတယ်။ ဒါမှလည်း ဆောင်းဝင်လာရင် ရေတိုင်ကီထဲမှာ ရေ ခဲမနေမှာ။

တစ်လက်စတည်း အင်္ဂျင်ဝိုင်နဲ့ ဆီစစ်ပါ လဲလိုက်ပါတယ်။ ဒါကတော့ လုပ်နေကျမို့ သိပ်မခက်ပါ။ အားလုံး လက်စသတ်တော့ ၄ နာရီလောက်ကြာသွားပါတော့တယ်။ ကိုယ်ဘာသာ လုပ်ပါလားလို့ အကြံပေးတဲ့ ဥာဏ်ကြီးရှင် သူငယ်ချင်းကတော့ မိုင် ၁၀၀ လောက်ဝေးတဲ့ နေရာမှာ နေသာသပ လေညာကပေါ့။

6 comments:

P.Ti said...

ဒီလို DIY ဆို ကျွန်တော်က ကြိုက်တယ်.. နီးရင် လာကူပါတယ်.. ;)
(ဝေးနေလို့ ပြောတာ.. ဟီး)

စိုးထက် - Soe Htet ! said...

နောက် တစ်ခါဆို လာကူ ပေးမယ်ဗျို့ လှမ်းသာ ခေါ်လိုက် :P

P.Ti said...

ဟုတ်တယ်… လှမ်းသာခေါ်လိုက်.. လေယာဉ်လက်မှတ်လေးပါပို့လိုက် :D

Ye-Mon said...

ဟုတ်ကဲ့။ ကျေးဇူးကြီးပါပေတယ် ခင်ဗျာ။

pandora said...

အကိုကြီး ပို့စ် ၁၀၀ မြောက်က ရေတိုင်ကီနဲ့ ဖြစ်သွားပါလား

ဆက်လက်ပြီး များများရေးနိုင်ပါစေ

Ye-Mon said...

အရေမှားသွားလို့ဗျို့။ ၁၀၀ မပြည့်သေးဘူး။