Saturday, October 27, 2007

Fall

၂၇၊ ၁၀၊ ၂၀၀၇

ဆောင်းဦး ရွက်ကြွေ

“ဆောင်းဦးရွက်ကြွေ ချစ်သက်သေ” တော့ မဟုတ်ပါ။ သမပိုင်း ရာသီဥတု အကြောင်း ပြောမလို့။

သမပိုင်းဒေသတွေမှာ ၄-ရာသီ ရှိပြီး နွေဦး၊ နွေ၊ ဆောင်းဦး နဲ့ ဆောင်း တို့ဖြစ်ကြပါတယ်။ ဆောင်းဦးရာသီ ကိုတော့ အင်္ဂလိပ်လို Autumn လို့ခေါ်ပြီး အမေရိကန်လို Fall လို့ အခေါ်များပါတယ်။ ကမ္ဘာ့မြောက်ဘက်ခြမ်းမှာ ရှိတဲ့ သမပိုင်း နိုင်ငံတွေမှာ စက်တင်ဘာ နဲ့ အောက်တိုဘာ လတွေဟာ ဆောင်းဦးရာသီဖြစ်ပြီး ကမ္ဘာ့တောင်ဘက်ခြမ်းက နိုင်ငံတွေမှာ ဆိုရင်တော့ မတ်လပတ်ဝန်းကျင်လောက်မှာ ဖြစ်ပါတယ်။

ဒီအချိန်မှာ နဂိုစိမ်းနေတဲ့ အရွက်တွေ ဘာကြောင့် ၀ါ - နီ - ညို - ကြွေကုန်ကြတယ် ဆိုတာ စပ်စုတတ်သူဆိုရင်တော့ စိတ်ဝင်စားစရာပါပဲ။ ဖတ်မိထားတာလေးတွေ ပြောပြမယ်နော်။

အဲဒီဖြစ်စဉ်ကို ဘိုလို abscission လို့ခေါ်ပါတယ်။ ဗမာလိုတော့ သစ်ရွက်တို့၏နေ၀င်ချိန် လို့ ပြောရမလားပဲ။ ဖြစ်စဉ်တစ်ခုလုံးက သုံးလေးငါး ပတ်လောက်ကြာပါတယ်။ သစ်ရွက်ညှာတံနဲ့ သစ်ပင်ကို ဆက်ထားတဲ့ နေရာမှာ ရှိတဲ့ ဆဲလ်တွေရဲ့ အခွံလေးတွေဟာ တဖြည်းဖြည်းမာကျောလာပြီး ရေအ၀င် အထွက်မရှိနိုင်တော့ပါဘူး။ တချိန်တည်းမှာပဲ သစ်ရွက်ညှာတံမှာ ရှိတဲ့ ဆဲလ်လေးတွေဟာ ယောင်ကိုင်းလာပြီး ပေါက်ထွက် ပျက်စီး ကုန်ပါတယ်။ ရလာဒ်ကတော့ သစ်ပင်အမြစ်ကနေ ပင်စည် အဲဒီကမှ တဆင့် အရွက်ဆီကို ရောက်လာရမယ့် ရေ နဲ့ အခြား အာဟာရဓါတ်တွေ ရောက်မလာတော့တာပါပဲ။ ရေနဲ့အာဟာရ ပြတ်လပ်လာတဲ့ သစ်ရွက်လေးတွေဟာ သူတို့ ထုတ်လုပ်နေကျဖြစ်တဲ့ ကလိုရိုဖီးဓါတ် (chlorophyll) - သစ်ရွက်များကို အစိမ်းရောင် ဖြစ်စေသော ဓါတ် - ကို မထုတ်နိုင်ကြတော့ပါဘူး။

နေ့တာကလည်း တဖြည်းဖြည်း တိုလာလေတော့ နေရောင်ခြည်ရနှုန်း နည်းလာပြီး သစ်ရွက်ကလေးတွေ အစာမချက်နိုင်တော့ပါဘူး။ တစ်နေ့ကြွေရတော့မှာကို သိလာတဲ့ သစ်ရွက်ကလေးတွေဟာ နောက်မျိုးဆက် သစ်ရွက်တွေအတွက် ပင်စည်နဲ့ အမြစ်တွေ အသက်ရှင်သန်နေဖို့ လိုအပ်တယ်ဆိုတာ ကောင်းကောင်း သဘောပေါက်ကြပါတယ်။ ဒါနဲ့ပဲ သူတို့ စုဆောင်းထားတဲ့ အရေးကြီးတဲ့ ဓါတ်ပစ္စည်းတွေကို ပင်စည်ကို ပြန်လွှဲပို့ပေးပြီး ဘ၀ နေ၀င်ချိန်ကို သတ္တိရှိရှိ ရင်ဆိုင်ဖို့ ဆုံးဖြတ်လိုက်ကြပါသတဲ့။

အစိမ်းရောင် ကလိုဖီးလ်ဓါတ်တွေ ပြယ်လာတာနဲ့ အမျှ အရင်ကတည်းကရှိနေပြီး အစိမ်းရောင် ရင့်ရင့်ရဲ့ အလွှမ်းမိုးခံနေခဲ့ရတဲ့ တခြား အရောင်တွေပိုပြီး ပေါ်လွင်လာကြပါတယ်။ ဒါနဲ့ပဲ ဆောင်းဦး သစ်ပင်တွေမှာ အ၀ါရောင်၊ အနီရောင်တောက်တောက် နဲ့ အညိုရောင်တွေ ဖုံးလွှမ်းလာခဲ့တော့တာပေါ့။

လူတွေက မြင်တွေ့နေကျ မဟုတ်တဲ့ ရောင်စုံသစ်ပင်တွေကို ကြည့်ရှု ကြည်နူးနေတဲ့အချိန်မှာပဲ ရောင်စုံသစ်ရွက်တွေဟာ မြေမှာ ခကြရလေတယ်။

ဝန်ခံချက်

ဓါတ်ပုံများမှာ မနှစ်က ဆောင်းဦးပေါက်မှာ ရှဲနန်ဒို အမျိုးသား ဥယျာဉ် (Shenandoah National Park) ကို သွားစဉ်က ရိုက်ထားသော ပုံများဖြစ်ပါသည်။

စာကိုး
Autumn leaves can fertilize the landscape, if we allow them
http://en.wikipedia.org/wiki/Autumn

4 comments:

pandora said...

ကိုရဲမွံကြီးတောင်မှ အရေးအသားတွေ ရိုမန့်တစ် ဖြစ်လာပြီပဲ။ ဒါမျိုးလေးတွေ များများလုပ်ပါ။ အားပေးတယ် အကိုကြီး။

စိုးထက် - Soe Htet ! said...

ဒီမှာက Spring ဗျ ... :)

P.Ti said...

ဟုတ်တယ်။ ရောင်စုံသစ်ပင်တွေကို ကြည့်ရမှာ မကြည်နူးနိုင်တော့ပဲ သစ်ရွက်ကလေးတွေကို သနားသွားအောင် ရေးတတ်တယ်နော်။ အကိုကြီး ဘာတွေလွမ်းနေတာလဲ။ အကိုကြီးရော သစ်ရွက်လေးတွေနဲ့အတူ အရောင်ပြောင်းနေပြီလား။

Ye-Mon said...

မငိုနဲ့ ပီတိ မငိုနဲ့ တိတ်တိတ်။ အကိုကြီးက ပျင်းပျင်းရှိတာနဲ့ ရှုထောင့်သစ်ကနေ ရေးလိုက်တာ။ အရောင်တော့ မပြောင်းပါဘူး။ ပုတ်သင်ညို အောင်းမေ့နေလို့လား။
က စိုးထက်ရေ ... အဲဒီက ဆောင်းဦးရွက်ကြွေတွေ အကြောင်း ကလောင်တို့ပါဦး။
ပန်ဒို .. စာအုပ်ထုတ်ပေးမလား။ ၀တ္ထုရှည် ရေးမယ်လေ။