Monday, January 28, 2008

Walk On

၂၈၊ ၁၊ ၂၀၀၈

လမ်း ... ဆက်လျှောက်မယ်

ဒီ .. ဘလောက်ဂါတော့ လမ်းလျှောက်တာများ ဘလောက် ရေးနေရတယ်လို့ ထင်ကြမလားကွယ်ရို့။ ဒါမှမဟုတ် ဆားချက်နေတယ် လို့ ပြောမလား။

မည်သို့ပင် ဆိုစေကာမူ .. အိမ်သာတက်တာတောင် ဘလောက်ရေးလို့ရတဲ့ ခေတ်ကြီးမှာ လမ်းလျှောက်တာလည်း ဘလောက်ရေးလို့ ရရမှာပေါ့။ မရေးပြန်ရင် ဖုန်တက်နေတဲ့ ကျွန်တော့် ဘလောက်ကို ဘယ်သူမှ လာလည်ချင်တော့မှာ မဟုတ်ဘူး။ အခုတလော အပြောင်းအလဲတွေကများ အလည်အပတ်တွေကများနဲ့ ကိုယ်ပိုင် ဘလောက်မှာ ပို့စ်တွေ မတင်ဖြစ်တာကို စိတ်မပျက်ပဲ လာလည်ကြ၊ ဆီပုံးမှာ အော်သွားကြတဲ့ မိတ်ဆွေ သူငယ်ချင်းများကို တောင်းပန်ပါတယ်။ စိတ်ထဲမှာတော့ ရေးချင်တာတွေက ရင်နဲ့ အမျှပါပဲ … အဟဲ။ အဲ့ဒီ စာရေးသူရဲ့ ရင်ဘတ်ထဲမှာရှိတဲ့ ဘလောက်ကုန်ကြမ်းပုံကြီးထဲက တစ်ခုလောက်ကို ဒီနေ့ ဆွဲထုတ်ပြလိုက်ပါရစေ။

လွန်လေပြီးသောအခါ စာရေးသူ မြို့တော် ရန်ကုန်မှာ နေခဲ့စဉ် အချိန်များက စနေနေ၊ တနင်္ဂနွေ မနက်တွေဆိုရင် ရန်ကုန်တက္ကသိုလ် ခြေလျင်တောင်တက်အသင်းရဲ့ လမ်းလျှောက်လေ့ကျင့်မှုတွေမှာ ပါဝင်လေ့ရှိပါတယ်။ ထွေထွေထူးထူးတော့ မဟုတ်။ မနက်စောစောမှာ လှည်းတန်း ကျောင်းရှေ့ စုရပ်ကနေ မင်္ဂလာဒုံ လေယာဉ်ကွင်းကို အသွားအပြန် လမ်းလျှောက်ကြတာပါ။ ၁၀ မိုင်ခရီးလောက် ရှိမှာပေါ့။ (ကိုပီတိကတော့ ဒီ ၁၀ မိုင်ခရီးကို အသေးစိတ် ရေးထားလေရဲ့။ ဖတ်ချင်သူများ ဒီမှာ ကြည့်ကြပါ။) ဒီလိုနဲ့ ကံကြမ္မာရဲ့ သယ်ဆောင်ရာအတိုင်း စာရေးသူ ဦးစ ကို ရောက်လာပြီးနောက်မှာ သူငယ်ချင်းတွေနဲ့ ခရီးတိုလေးတွေ (၂ မိုင် - ၃ မိုင်လောက်) တခါတရံ လျှောက်တာကလွဲလို့ ပုံမှန် လမ်းမလျှောက်ဖြစ်တော့ပါ။

ဒီနေရာမှာ အကြောင်းတိုက်ဆိုင်လို့ စာရေးသူရဲ့ ဘ၀အမြင်လေး နဲနဲ ပြောချင်တယ်။ စာရေးသူ အနေနဲ့ အလုပ် တော်တော်များများကို ပြိုင်တူ လုပ်ရပြီဆိုရင် အတော့်ကို ခေါင်းစားပြီး မနိုင်မနင်း ဖြစ်လေ့ရှိပါတယ်။ ဥပမာ - ပညာသင်နေတုန်း အိမ်ထောင်မှုကိစ္စ လုပ်ရမယ်ဆိုရင် နှစ်ဖက်စလုံးမှာ မနိုင်မနင်း ဖြစ်မယ်လို့ ထင်တယ်။ ဒါကြောင့်ပဲ တတ်နိုင်ရင် အလုပ်တစ်ခုပြီးမှ နောက်တစ်ခုကို ဆက်ပြီး လုပ်ပါတယ်။ အလားတူ စဉ်းစားခဲ့တာက ခြေလျင်တောင်တက် ကိစ္စကိုလည်း ဒီမှာ ပညာသင်တုန်း မလုပ်ပဲ ရန်ကုန်ပြန်ရောက်မှ ပြန်လုပ်တော့မယ်ပေါ့။

ဒီလိုနဲ့ အချိန်တွေ အတော် ကုန်ခဲ့ပါတယ်။ လွန်ခဲ့တဲ့ သုံးပတ်က ပါရဂူဘွဲ့ အရည်အချင်းစစ် စာမေးပွဲ အပြီးမှာ အရင်ကထက်စာရင် ဘွဲ့ရဖို့ ပိုပြီးနီးစပ်လာပြီဆိုတော့ ရှေ့ဆက်လုပ်ရမယ့် အလုပ်အကိုင် ကိစ္စတွေ ခေါင်းထဲ ပိုရောက်လာတယ်။ လုပ်ချင်တာတွေက များပြီး အချိန်က နည်းနေရတဲ့ အထဲ တစ်ခုပြီးမှ တစ်ခု လုပ်ရမယ်ဆိုရင် မြန်မာပြည် လူ့သက်တမ်း အနှစ် ၆၀ အတွင်းမှာ ကိုယ်လုပ်ချင်တာတွေ အတော်များများကို မလုပ်လိုက်ရပဲ ကိစ္စချောသွားနိုင်တယ်ဆိုတာကို သိပ်လက်မခံချင်လှပေမယ့် လက်ခံလာရပါတယ်။ ဒါနဲ့ပဲ စာရေးသူတစ်ယောက် အိပ်မက်က နိုးထလာပြီး ပညာသင်တာလည်း သင်၊ တခြား လုပ်စရာရှိတဲ့၊ လုပ်ချင်တဲ့၊ လုပ်သင့်တဲ့ ကိစ္စတွေလည်း လုပ်တော့မယ်ဆိုပြီး စိတ်ပိုင်းဖြတ်လိုက်ပါတယ်။

ဒီအလုပ်တွေထဲက တစ်ခုကတော့ ခြေလျင်တောင်တက် ခရီးတွေအတွက် အဆင်သင့်ဖြစ်အောင် လေ့ကျင့်ခြင်းပါပဲ။
လွန်ခဲ့တဲ့ ၁၀ နှစ်အတွင်းမှာ စုဆောင်းလာခဲ့တဲ့ အဆီ၊ အသား ပေါင် ၅၀ လောက်ကို
လျော့ချပစ်ရမယ်။ တောင်တက်ခရီးမှာ လိုအပ်တဲ့ ပစ္စည်းတွေကို ကိုယ်တိုင်သယ်ပြီး
ခရီးရှည်လျှောက်နိုင်အောင် လေ့ကျင့်ရမယ်။


မိတ်ဆွေတစ်ယောက်က တခါတုန်းက ပေးခဲ့ဖူးတဲ့ အင်တာနက် လိပ်စာကို ပြန်ရှာပြီး ၀ါရှင်တန်ဒီစီ ပတ်ဝန်းကျင်မှာ ခြေလျင်တောင်တက် လုပ်နေကျ အဖွဲ့ တစ်ခု (Sierra Club) ကို ဆက်သွယ်လိုက်ပါတယ်။ အပျော်တမ်း ခြေလျင်တောင်တက်သမားတွေနဲ့ ဖွဲ့စည်းထားတဲ့ ဒီအဖွဲ့က စနေ၊ တနင်္ဂနွေ တိုင်းမှာ လူတိုင်းလိုလို လိုက်ပါနိုင်တဲ့ ခရီးစဉ်တွေ ဆွဲထားပါတယ်။ ခရီးစဉ် အများစုကတော့ ၀ါရှင်တန် ဒီစီ ပတ်ဝန်းကျင်က နေရာတွေပါပဲ။ တစ်ပတ်တစ်မျိုး မရိုးရအောင်၊ ဒေသန္တရ ဗဟုသုတ ရအောင် စီစဉ်ပါတယ်။

စာရေးသူလည်း စနေနေ့တိုင်း Sierra Club အဖွဲ့ဝင်တွေနဲ့ အတူ လမ်းလျှောက်လေ့ကျင့်မယ် ဆိုပြီး ချောင်ထိုးထားတဲ့ ခြေလျင်တောင်တက် ကိရိယာတွေ ပြန်ရှာပါတယ်။ ကျောပိုးအိတ်၊ ဖိနပ်၊ ရေဘူး၊ ဓါတ်မီး၊ စည်သွတ်ဗူးဖောက်တံ၊ ခေါက်ဓါး စသဖြင့်ပေါ့။ ဇန္န၀ါရီ ၁၉ နေ့ ကတော့ စာရေးသူ ပထမဆုံး လိုက်ဖြစ်တဲ့ အစီအစဉ်ပါပဲ။ ဒီလမ်းလျှောက် အတွေ့အကြုံကိုတော့ နောက်ပို့စ်မှာ ရှုစားပါ။

မျှော် ……………….

7 comments:

P.Ti said...

ဒီလူကြီးတော်တော်ဆိုးတယ်။ တကယ်စိတ်ဝင်စားပြီး ဖတ်နေတုန်း မျှော်တဲ့… မြန်မြန် ဆက်ပြီးရေးပါဗျို့…

ရွှေဂျမ်း said...

ဟုတ်ပါ့။ ကောင်းခန်းမှာ ဖြတ်ထားခဲ့တယ်။ ဒါနဲ့ ရွှေဂျမ်းအဖေလည်း Local Sierra Club member ပဲ။ နောက်ပိုင်းမှ မသွားနိုင်တော့တာ။ ဒါတောင် စိတ်မလျှော့ချင်သေးဘူး။

စိုးထက် - Soe Htet ! said...

မျှော် နေပါတယ် ဗျို့ :P

Ye-Mon said...

ပီတိ ..
ဆက်ထားပြီနော။
ရွှေဂျမ်း ..
အဖေ့ကို ဘလောက် လာဖတ်ခိုင်းပါလား။ သူလည်း ပိုးဝင်သွားအောင်။ :D
ကစိုးထက် ..
သိပ်မမျှော်လိုက်ရဘူးဟုတ်။

diLo said...

:D cheers to walking on and on and on...

ps:love the title!"walk on"...can have so so many meanings..yet..

Ye-Mon said...

i guess you got the point dilobear. :)

Anonymous said...

အဟိ .. “လွန်လေပြီးသောအခါ” ဆိုတဲ့ honest usage လေးကို ကြိုက်သဗျး)

ဒါနဲ့ ပေါင် ၅၀ ကျတဲ့အခါ ပြောပါဦး ။ ဘလောဂ့်မှာ celebration လုပ်ကြရအောင် အဟီ ။