Thursday, May 15, 2008

In The Line of Fire

၁၅၊ ၅၊ ၂၀၀၈

ကျည်လမ်းကြောင်းကျနေခြင်း

ဦးသန့်က ဒီလို ပြောခဲ့သည် ..
"in times of war and of hostilities the first casualty is truth"

စစ်တွင်း နဲ့ အခြေအနေတွေ ရှုပ်ထွေးနေချိန်မှာ “အမှန်တရား” ဟာ ပထမဆုံး သားကောင် ဖြစ်ရလေသည် .. တဲ့။

မှန်လိုက်တဲ့ စကားပါပေ။ အခြေအနေ ရှုပ်ထွေးချိန် ရမ်းသန်းပစ်လိုက်တဲ့ကျည် ကျွန်တော့်မိတ်ဆွေကို ထိလေသည်။ မိတ်ဆွေ မို့လို့ နာလေသည်။ လမ်းမှန် လျောက်နေသူကို တွန်းထိုးသဖြင့် သာ၍နာလေသည်။ မြန်မာ အချင်းချင်း ချ၍ အလွန့်အလွန် နာလေသည်။
ကိုနစ်နေမန်း ဘလောက်က ဒီလို ပြောသည်။
MMEDWatch ဘလောက်က ဒီလို သဘောထား ပြောသည်။
ကိုစိုးထက် ဘလောက်က ဒီလို တုန့်ပြန်သည်။

ကျွန်တော်ကတော့ ဒီလို ပြောပေမည်။

သေသူကသေ၊ အိမ်ပျောက်သူကပျောက်၊ ဒုက္ခရောက်နေချိန်မှာ ကူညီနေသည့်လက်တစ်ဖက်ကို ပုတ်ချရက်သည်။ သြော် ... တို့ မြန်မာတွေ အသိဥာဏ် နုံ့လှချေ့ .. ဟုသာ မြင်သည်။

လွတ်လပ်သူတိုင်း မိမိ ယုံကြည်ရာ နိုင်ငံရေး လုပ်ခွင့်ရှိသည် ဆိုသည့် အချက်ကို မိမိ အပြည့်အ၀ ထောက်ခံပါသည်။ သို့ရာတွင် နိုင်ငံရေး၌ မိမိ အနိုင်ရရေး တစ်ခုတည်းကိုသာ အမြင်ကျဉ်းကျဉ်းနှင့် ကြည့်ပြီး ညစ်ပတ်သည်မှာကား အင်မတန် စက်ဆုပ်စရာပေ။ ချက်အောက်ကို ထိုးသည့် လက်သီးနှင့်သာ ပမာနှိုင်းရပေမည်။

အထူးသဖြင့် လူမှုကူညီရေးကိစ္စများ (Humanitarian Assistance) တွင် နိုင်ငံရေး အမြတ်ထုတ်ကြခြင်းသည် သာ၍ စက်ဆုပ်စရာ ကောင်းပေသည်။ ပွင့်ပွင့်လင်းလင်း ပြောရလျင် ယခု နာဂစ် မုန်တိုင်း ကယ်ဆယ်ရေးကိစ္စများတွင် အလှူရှင်နိုင်ငံ အချို့က၄င်း၊ လက်ခံသူနိုင်ငံ အစိုးရက၄င်း၊ ကြားပွဲစား နိုင်ငံက၄င်း၊ အတိုက်အခံ နိုင်ငံရေး သမားအချို့က၄င်း နိုင်ငံရေးအရ အမြတ်ထုတ်နေခြင်း၊ ထုတ်ရန်ကြိုးစားခြင်းတို့ကို တွေ့နေရပေသည်။

ထိုသူများကို ပြောလိုသည်။

ယခုအချိန်တွင် အဓိကအကျဆုံးမှာ ကယ်ဆယ်ရေး ကိစ္စများပင် ဖြစ်သည်။ လက်ရှိ အခြေအနေအတွင်းမှာ အကောင်းဆုံး ဖြစ်အောင် အမြန်ဆုံး လုပ်ကြရပေမည်။ လုပ်လည်း လုပ်နေကြပါသည်။ လက်ရှိ အခြေအနေ (နိုင်ငံရေး၊ စီးပွားရေး အစရှိသည်) ကို ပိုမို တိုးတက် ကောင်းမွန်အောင် လုပ်နိုင်သူများလည်း လုပ်ကြပါ။ သို့ရာတွင် ကျွန်တော်တို့လို လူမှုကူညီရေး လုပ်ငန်းများ လုပ်နေသူများကို အနှောင့်အယှက် မပေးဖို့လိုပါသည်။ ပတ်မကြီး ထိုး မဖောက်ဖို့ လိုပါသည်။

မည်သူက ကယ်ဆယ်သည်ဖြစ်စေ၊ မုန်တိုင်းဒဏ်သင့် ပြည်သူများ ဘေးကင်းဖို့ရာ အဓိကပင် မဟုတ်ပါလား။

4 comments:

စိုးထက် - Soe Htet ! said...

အစ်ကိုကြီးရေ ...
သေချာ လာဖတ်သွားပါတယ် ... ကျွန်တော် စိတ်မှာ ဘာမှ မဖြစ်ပါဘူး .. လာအားပေးတာ ကျေးဇူး ... ကျွန်တော် လုပ်စရာရှိတာ လုပ်နေကျ အလုပ်ကို ဆက် လုပ် နေ ဆက်လုပ် သွားပါမယ် ခင် ဗျာ :)

ဘလူးဖီးနစ် said...

အကိုရေ ဦးသန့် ရဲ့ စကားလေးကို ဖတ်လိုက်ရတာ ကျေးဇူးအများကြီးတင်ပါတယ်။ အကိုပြောတာတွေကိုလည်း အပြည့် အ၀ ထောက်ခံပါတယ်။ တစ်လွဲ ဆံပင်ကောင်းတတ်တဲ့ မြန်မာတွေ ကို မီးမောင်း ထိုးပြလိုက်သလိုပါပဲဗျာ။

Anonymous said...

Great Blog!
It is so frustrating and disheartening to watch Burmese Cyclone news on the telly.I sincerely wish,power-clutching criminal military government is coming to an end very very soon.

P K Sahm said...

မြန်မာတွေစည်းလုံးဖို့ လိုနေတာကြာပြီဗျာ...
ကျွန်တော်ကိုယ်တိုင်ရန်မဖြစ်ပဲနေနိုင်ပေမယ့်
ရန်ဖြစ်နေတဲ့လူတွေကိုတော့ ဘာပြောရမှန်းမသိပါဘူး...
ဒီလိုသာရန်ပဲဖြစ်နေကြရင် ဗိုလ်ချုပ်ပြောတဲ့
ဖဦးထုပ်ရေးခြာ နိုင်ငံတော့ဖြစ်ကုန်တော့မှာပဲ