Tuesday, October 30, 2007

A visit to New England (4)

၃၀၊ ၁၀၊ ၂၀၀၇

အင်္ဂလန်ပြည်သစ် သို့ အလည်တစ်ခေါက် (၄)
စားကြမယ်ဟေ့ ကောင်းကောင်း

ဗားမောင့်ကနေ ပြန်လာတော့ ညနေစာ စားဖို့ စောနေသေးတာနဲ့ စာရေးသူက လှုံ့ဆော်လိုက်ပါတယ် “ထောပတ်ထမင်း နဲ့ ကြက်သားဟင်း ချက်စားကြရအောင်” ဆိုပြီးတော့ပေါ့။ အားလုံးပဲ ငြင်းပါတယ် “ဟုတ်ကဲ့” တဲ့။ ဒါနဲ့ပဲ စာရေးသူ ဟော့ပ်ကင်း မှာ အနှစ်နှစ်အလလ သင်ယူလာတာလေးတွေ လက်စွမ်းပြခွင့် ကြုံတာပေါ့။
ကဲ ချက်နည်းလေး ရေးပေးဦးမှပါ။ ဒါမှ စာရှုသူတို့ စမ်းကြည့်လို့ရမှာ။

လိုတာတွေကတော့ ...
  • ဆန် (ပါစမာတီ) - ၄ ဗူး
  • ထောပတ် (ရိုးရိုး သို့မဟုတ် ဟင်းချက်ထောပတ်) - ထမင်းစားဇွန်း ၄ ဇွန်း
  • ကရဝေးရွက် - ၄-၅ ရွက်ခန့်
  • သစ်ဂျပိုးခေါက် - ၁ ခု
  • ကုလားပဲ - ၁ ဗူး
  • ကြက်သွန်နီ - ၄-၅ လုံးခန့်
  • ကြက်သွန်ဖြူ - ၁ ဥ
  • အရောင်တင်မှုန့် - သင်ရုံ
  • မဆလာ - သင့်ရုံ
  • ငံပြာရည် - သင့်ရုံ
  • ကြက်သား - ၁ ကီလို
  • အချိုမှုန့် - သင့်ရုံ
  • ဆား - သင့်ရုံ
  • ဆီ - သင့်ရုံ
ပါစမာတီ ဆန်ကို ရေစိမ်မယ်။ ကုလားပဲကိုလည်း သတ်သတ် ရေစိမ်ထားမယ်။ ပြီးရင် ကုလားပဲကို မကျက်တကျက် ပြုတ်မယ်။ ဆားနည်းနည်းထည့်မယ်။ မဝေအောင် သတိထားရမယ်။

ကဲ ထမင်း ချက်ရအောင်။ ထမင်းကို ပေါင်းအိုးနဲ့ ချက်ရင် သိပ်အဆင်မပြေပါ။ အိုးမကပ်တတ်တဲ့ အိုးတစ်လုံးကို သုံးရင် ပိုကောင်းတယ်။ ထောပတ်ကို အပူပေးပြီး ဆီဖြစ်လာပြီဆိုရင် ကရဝေးရွက် နဲ့ သစ်ဂျပိုးခေါက်လေး ထည့်ပြီး ခဏမွှေထားမယ်။ ကြည့်နေရင်းနဲ့ ဆီက အနီရောင်သမ်းလာပြီ ဆိုရင် ရေဆေးထားတဲ့ ပါစမာတီ ဆန်ကို ရေစစ်ပြီး ထည့်မယ်။ နည်းနည်း မွှေပေးလိုက်ပြီး မကျက်တကျက် ပြုတ်ထားတဲ့ ကုလားပဲပါ ရောပြီး သမအောင်မွှေမယ်။ ပြီးရင် ရေကို ၆-ဗူးလောက်ထည့်မယ်။ ဒါဆိုရပြီ အဖုံးဖုံးပြီး ထမင်းအိုးကို ဆက်တည်ထားမယ်။ ကြက်သားဖက် လှည့်ရအောင်။

အရေးထဲ ကြက်သားသွားဝယ်တဲ့ ပုဂ္ဂိုလ်တွေက ပြန်မလာသေးဘူး။ လုပ်လို့ရတာလေးတွေ လုပ်ထားဦးမှ။ ကြက်သွန်နီ၊ ဖြူ ထောင်းထားမယ်။ ငြုပ်ဆုံမရှိရင် စက်နဲ့ကြိတ်လို့ရပါတယ်။ ဒါမှမဟုတ်လဲ ဓါးနဲ့ နုတ်နုတ်စင်းပေါ့။ ပြီးရင် ဆီ (သင့်ရုံ - ဘယ်လောက်မှန်းမသိဘူး။ ခေါင်းထဲ အော်တို ရောက်လာသလောက်) ထည့်ပြီး ကြက်သွန်နီ ဆီသတ်မယ်။ ခဏလောက်ကြာမှ ကြက်သွန်ဖြူထည့်၊ တခါတည်း ငံပြာရည်ပါထည့် ပြီး ဆီဆက်သတ်မယ်။ ဟော ကြက်သားလာပြီ။ ကဲ မြန်မြန် ရေဆေး၊ ဓါးနဲ့မွှန်းပြီး ဆား၊ ဆနွင်းလေး နယ်ပါဦး။ အမှန်က စောစောကတည်းက ကြက်သားကို နယ်ထားရမှာ။ ထားပါလေ။ အမြဲတမ်း စာအုပ်ကြီးအတိုင်း လုပ်လို့ မဖြစ်ဘူး မဟုတ်လား။

ဟာ ကြက်သွန်ဆီသတ်တာ တူးတော့မယ်။ ကြက်သားတွေ မြန်မြန်ထည့်မှ။ နေဦး အရောင်တင်မှုန့်မေ့နေပြီ။ ကဲ မြန်မြန်ထည့်။ ဟုတ်ပြီ ကြက်သားတွေပါထည့်။ လုံးလိုက်။ ပြီးရင် ရေထည့်။ အိုကေ။ ဒါဆိုရပြီ။ ချခါနီးမှ မဆလာလေး၊ ဆား၊ အချိုမှုန့်လေး သင့်သလို ခတ်လိုက်ရုံပ။

ထမင်းအိုးကို လည်း သွားပြန်ကြည့်ဦး။ တူးနေဦးမယ်။ ကျက်ပြီထင်ရင် မီးဖိုပေါ်ကချလိုက်။

ဒါပဲ။ ရပြီ။ ချက်စားကြပေတော့။

ခရီးသွား ဆောင်းပါးလည်း တော်တော် ရှည်သွားပြီ။ နောက်တစ်ရက် ဘော်စတွန် သွားတဲ့ အကြောင်း ရေးပြီးရင်တော့ တော်ပါပြီ။ တစ်ခါတစ်ခါ ခရီးထွက်ရတာလည်း မလွယ်ပါလားနော်။

(၅) သို့


6 comments:

စိုးထက် - Soe Htet ! said...

ထောပတ်ထမင်းနဲ့ ကြက်သားဟင်း ချက်နည်း ယူသွား ပါတယ် ... :)

Ye-Mon said...

ကောင်းပါလေ့ဗျာ။ စားကောင်းပါစေ။

pandora said...

အကိုကြီးရဲမွံ အရည်အချင်းတွေ မသိမသာ ထုတ်ကြွားနေတာ။ ပြောချင်ဘူးနော်။
ကဲ .. အနော် ထပ် ဟိုင်းလိုက် လုပ်ပေးလိုက်မယ်။ ကောလိပ်ကျောင်း ဆိုတာမျိုးလည်း ခြေဦးတောင်မလှည့် လူရိုးကလေး။ ထမင်းကြော် ကြော်တတ်ရုံသာမက ထောပတ်ထမင်း ကြက်သားဟင်းတောင် ချက်တတ်ပြုတ်တတ်။ ဒါတွေစားနိုင်သေးဆိုတာ့ သွေးတိုးဆီးချိုကင်းစင် ကျန်းမာရေးကောင်း မပျက်စီးသေး။ ဂိုက်ပေးနေသော နောက်ဆုံးဓာတ်ပုံအရ ပြန်ပိန်သွားသလိုရှိ။ ဒီကြားထဲမှာ သစ်ရွက်နီဝါလေးတွေ ကိုလည်း ရိုမန့်တစ် ခံစားတတ်တဲ့ အသည်းနှလုံး ရှိသူပါလေ။

စကားမစပ် ဘာလိုလိုနဲ့ သီတင်းကျွတ်ခဲ့ပြီ။

Anonymous said...

အဟားး မပန်က ကြေငြာဝင်ပေးထားတာ ကြည့်ပြီး ရယ်လိုက်ရတာ ။ ကိုရဲမွန်ကြီး မပန်ကို ဘယ်လောက် လာဘ်ထိုးထားသလဲဗျို့ ။

ကိုရဲမွန်ပြောတဲ့ ဟင်းချက်နည်းကလည်း အခက်ဆုံးဟင်းချက်နည်းပဲ ။ ဖတ်ပြီး ဘာမှန်းတောင် မသိလိုက် အဟဲ ။ စင်္ကာပူရောက်ရင် လက်တွေ့ ချက်ပြလေ ။ ကိုပီတိအိမ်မှာ လုပ်စားရအောင် အဟဲ ။

P.Ti said...

ဂျစ်တူးတို့များ စီမံတာတော်လိုက်တာ။ ကိုမင်းကို ပီတိအိမ်မှာ ချက်ခိုင်းပြီး လာစားမယ်ပေါ့၊ ဟုတ်လား။ မပန် ကြီးကို အချိုပွဲပြင်ခိုင်းလိုက်ရင် မကောင်းဘူးလား။ ကိုစိုးထက်ကို လိုအပ်တာလေးတွေဝယ်ဖို့ရာ ပိုက်ဆံပို့ပေးဖို့မှာလိုက်ရင် ပိုကောင်းမယ်နော်။

thamudayanwe said...

အင်းချက်စားလိုက်ဦးမယ်..ကျေးဇူး