Sunday, December 20, 2009

Merry White Christmas


... "Have a Merry X-mas" ...

Read More...

Friday, December 18, 2009

Terminologies in health insurance (2)

၁၈-၁၂-၂၀၀၉

ကျန်းမာရေးအာမခံ ဆိုင်ရာ အသုံးအနှုန်းများ (၂)

လက်ကျန် အသုံးအနှုန်းလေးတွေ ရှင်းထားလိုက်ပါရစေ။

Social safety net/ Social welfare

အဓိပ္ပါယ်

အစိုးရက ငွေကြေးမတတ်နိုင်သူ နိုင်ငံသားများအတွက် စီစဉ်ပေးထားသော လူမှုဖူလုံရေး ရန်ပုံငွေများ။

Uninsured

အဓိပ္ပါယ်

ကျန်းမာရေးအာမခံ မရှိသူ။

Underinsured

အဓိပ္ပါယ်

ကျန်းမာရေးအာမခံ ရှိသော်လည်း ၄င်းအာမခံက ပြန်လည်ထုတ်ပေးမည့် ငွေကြေးက ဆေးကုသစရိတ်အတွက် လုံလောက်မှု မရှိသူ။

Managed care

အဓိပ္ပါယ်

ကျန်းမာရေးအာမခံ ကုမ္ပဏီနှင့် ကျန်းမာရေး စောင့်ရှောက်မှုပေးသူတို့ ပူးပေါင်းထားသော အဖွဲ့အစည်း။

ရည်ရွယ်ချက်

ငွေကုန်ကျရသည်နှင့် ညီမျှသည့် အရည်အသွေးမီ ကျန်းမာရေးစောင့်ရှောက်မှု ပြန်လည်ရရှိစေရန် ရည်ရွယ်သည်။

Gatekeeper

အဓိပ္ပါယ်

အထွေထွေရောဂါကု ဆရာဝန်။ မည်သည့်လူနာမဆို အထွေထွေရောဂါကု ဆရာဝန်နှင့် အရင်ပြသပြီး ၄င်းဆရာဝန်က လိုအပ်သည်ဟု ယူဆမှ သက်ဆိုင်ရာ အထူးကု သမားတော်များထံ လွှဲပို့ပေးသည့်စနစ် ဖြစ်သည်။ (ဥပမာ - အင်္ဂလန်နိုင်ငံရှိ National Health Service, အမေရိကန်နိုင်ငံရှိ အချို့သော ကျန်းမာရေးအာမခံ ပုံစံ)

ရည်ရွယ်ချက်

သာမာန်အားဖြင့် အထွေထွေရောဂါကု ဆရာဝန်က အထူးကု ဆရာဝန်များထက် အရေအတွက် ပိုများသည်။ ထို့အပြင် ရောဂါအတော်များများကို အထွေအထွေ ရောဂါကု ဆရာဝန်များက အချိန်ပေးကာ ထိထိရောက်ရောက် ကုသနိုင်သည်။ တဖန် အထူးကု ဆရာဝန်များဖြင့် ပြသခြင်းက ကုန်ကျစရိတ် ပိုများသည်။ ထို့ကြောင့် စရိတ်ထိန်းနိုင်ရန်နှင့် လူနာများ ဆရာဝန်နှင့် တွေ့ချိန်ပိုမို ရရှိစေရန် ဤစနစ်ကို အသုံးပြုသည်။

သတိပြုရန်

အဆင့်ဆင့် သွားနေရသဖြင့် အထူးကု ဆရာဝန်နှင့် ပြမှ ဖြစ်မည့် ရောဂါသည်များအတွက် စောင့်ဆိုင်းချိန် ကြာသည်။

Pre-existing medical conditions

အဓိပ္ပါယ်

ကျန်းမာရေးအာမခံ မ၀ယ်မီကပင် ရှိနှင့်ပြီးသော (ရှိနေခဲ့သည်ဟု ယုံကြည်ရဖွယ် ရှိသော) ရောဂါ။ ထိုသို့ ရောဂါ ရှိပြီးသား ဖြစ်ပါက အာမခံကုမ္ပဏီက အာမခံမရောင်းပဲ နေနိုင်သည်။ သို့မဟုတ် အာမခံကြေး ပိုပြီး တောင်းနိုင်သည်။

ရည်ရွယ်ချက်

စရိတ်ထိန်းရန် ဖြစ်သည်။

သတိပြုရန်

မကျန်းမာသူများ အကြောင်းကြောင်းကြောင့် ကျန်းမာရေးအာမခံ မရှိတော့လျှင် ကျန်းမာရေးအာမခံ အသစ်ဝယ်ယူရန် အခက်အခဲရှိသည်။ ပြည်နယ် နှင့် ဗဟို အစိုးရတို့က အာမခံ ကုမ္ပဏီများကို အာမခံ မရောင်းမနေရဟု ဥပဒေဖြင့် ကန့်သတ်ထားသော်လည်း ပြည့်စုံမှု မရှိသေးချေ။ (စကားချပ်။ ။ ဤကိစ္စမှာ အမေရိကန် ကျန်းမာရေးစနစ်၏ အဓိက ထောက်ကွက်ကြီး တစ်ခုဖြစ်ပြီး ယခုအခါ ပါလီမန်တွင် အကျိတ်အနယ် ဆွေးနွေးနေကြသည်။)

Waiting period

အဓိပ္ပါယ်

Pre-existing medical condition ရှိနေပါက ကျန်းမာရေးအာမခံ ၀ယ်လိုက်သော်လည်း အဆိုပါ ရှိပြီးသား ရောဂါအတွက် ဆေးကုသစရိတ်ကို အာမခံကုမ္ပဏီထံမှ အချိန်ကာလ တစ်ခု (ဥပမာ - ၆လ၊ ၁၂ လ) အထိ တောင်းခံ၍ မရနိုင်ပေ။ မိမိဖာသာ အိတ်စိုက် ကုသရမည်။

ရည်ရွယ်ချက်

စရိတ်ထိန်းရန် ဖြစ်သည်။

Fee for service

အဓိပ္ပါယ်

ကျန်းမာရေးစောင့်ရှောက်မှုပေးသူ (ဆရာဝန်၊ သူနာပြု၊ ဆေးခန်း၊ ဆေးရုံ) တို့ကို ၀န်ဆောင်ခပေးပုံ စနစ်တစ်မျိုး။ မည်သည့် ကုသမှုမျိုးဆိုလျှင် ၀န်ဆောင်ခ မည်မျှဟု သတ်မှတ်ပေးခြင်း ဖြစ်သည်။ လခစားပုံစံနှင့် ကွာခြားသည်။ (စကားချပ်။ ။ မြန်မာနိုင်ငံတွင် အစိုးရဆေးရုံများ၌ ဆရာဝန်၊ သူနာပြုများက လူနာ မည်မျှလာလာ ဒီလစာကိုပဲ ရကြသည်။ အပြင်ဆေးခန်းများတွင်မူ လူနာ တစ်ယောက်ကြည့်လျှင် မည်မျှဟု သတ်မှတ်ထားသည်။ အမေရိကန်ရှိ Fee for service သည် မြန်မာနိုင်ငံရှိ အပြင်ဆေးခန်းများ စရိတ်တောင်းခံပုံနှင့် ဆင်တူသည်။)

အာရောဂျံ ပရမံ လာဘံ
တက္ကသိုလ် လှမွန်

စာကိုး။

Lecture notes from the U.S. health care system class

ယခင်ပို့စ်များ

ကျန်းမာရေးအာမခံ-မိတ်ဆက်
ကျန်းမာရေးအာမခံ ဆိုင်ရာ အသုံးအနှုန်းများ

Read More...

Monday, December 14, 2009

Terminologies in health insurance

၁၄-၁၂-၂၀၀၉
ကျန်းမာရေးအာမခံ ဆိုင်ရာ အသုံးအနှုန်းများ


ကျန်းမာရေးအာမခံ ဆိုင်ရာ အသုံးအနှုန်းတွေရဲ့ အဓိပ္ပါယ်ကို ရှင်းလင်းထားမှ ကျန်းမာရေးအာမခံ ပုံစံကွဲ အမျိုးမျိုး ကို ပြောတဲ့အခါကျရင် အဆင်ပြေပါမယ်။ ၀ီကီမှာ ရေးသားထားတဲ့ အဓိပ္ပါယ် ဖွင့်ဆိုချက်တွေကို အဓိကထား ဘာသာပြန်ပြီး ဘာ့ကြောင့် ဒီလို သတ်မှတ်ချက်တွေ ထားရတာလဲ၊ ဘယ်လို သတိထားစရာတွေရှိလဲ ဆိုတာကို စာရေးသူရဲ့ လေ့လာမှုနဲ့ အတွေ့အကြုံများအရ ဖြည့်စွက် ပြောသွားပါမယ်။ အသုံးအနှုန်းအများစုဟာ အမေရိကန်နိုင်ငံမှာ ကျင့်သုံးနေတဲ့ ကျန်းမာရေးအာမခံ စနစ်နဲ့သက်ဆိုင်တာတွေဖြစ်လို့ အခြားသော နိုင်ငံများက ကျန်းမာရေးအာမခံ အသုံးအနှုန်းများနဲ့ အဓိပ္ပါယ် ကွဲလွဲကောင်း ကွဲလွဲနိုင်တာကို သတိချပ်ပါ။

Insured

အဓိပ္ပါယ်

ကျန်းမာရေးအာမခံ ထားသူ။

Insurer

အဓိပ္ပါယ်

အာမခံသူ။ ကျန်းမာရေးအာမခံ ကုမ္ပဏီ။

Health care provider

အဓိပ္ပါယ်


ကျန်းမာရေး စောင့်ရှောက်မှု ပေးသူ။ ဆရာဝန်၊ သူနာပြု၊ ဆေးရုံ၊ ဆေးခန်း အစရှိသည်။

Health insurance policy

အဓိပ္ပါယ်

ကျန်းမာရေးအာမခံ စာချုပ်။ ကျန်းမာရေးအာမခံ ထားသူ နှင့် အာမခံ ကုမ္ပဏီအကြား ထားရှိသော ပဋိညာဉ်။ မည်သူက မည်သည့် တာဝန်ရှိသည် မည်သည့်ကိစ္စအတွက် မည်မျှ ငွေအကုန်အကျခံမည် စသည်ဖြင့် အသေးစိတ် ရေးသားထားသော စာချုပ်ဖြစ်သည်။

ရည်ရွယ်ချက်

နောင်တွင် အငြင်းပွားမှုများ ဖြစ်လာပါက ဤစာချုပ်က သက်သေ အထောက်အထား ဖြစ်ပေမည်။

Premium

အဓိပ္ပါယ်

အာမခံကြေး။ အာမခံ ထားသူက အာမခံကုမ္ပဏီကို လစဉ် ပေးသွင်းရငွေ။

ရည်ရွယ်ချက်

ဤအာမခံကြေးများကို စုပေါင်းပြီး နေမကောင်းသူများကို ဆေးကုသစရိတ် ပြန်လည်ထုတ်ပေးသည်။ အာမခံကြေး ကောက်ခံခြင်း၊ ဆေးကုသစရိတ် စိစစ် ထုတ်ပေးခြင်း၊ ဆရာဝန်၊ ဆေးရုံ၊ ဆေးခန်းများနှင့် ချိတ်ဆက်ခြင်း တို့အတွက် အာမခံကုမ္ပဏီက ၀န်ဆောင်ခ ရလေသည်။ အာမခံကုမ္ပဏီက အစိုးရ သို့မဟုတ် အန်ဂျီအို ဖြစ်ပါက ရရှိလာသော ၀န်ဆောင်ခများသည် လုပ်ငန်း လည်ပတ်ရန်နှင့် တိုးချဲ့ရန်အတွက် အသုံးပြုသွားမည် ဖြစ်ပြီး ပုဂ္ဂလိက အာမခံကုမ္ပဏီ ဖြစ်ပါက ကုမ္ပဏီ၏ အစုရှယ်ယာဝင်များကို အမြတ်ငွေ ခွဲဝေပေးသွားမည် ဖြစ်သည်။

Deductible

အဓိပ္ပါယ်

ကျန်းမာရေးအာမခံ ထားသူက ကနဦး စိုက်ထုတ်ရမည့် ငွေပမာဏ။ နေထိုင်မကောင်း ဖြစ်လာပါက ဆေးကုသစရိတ် ရှိလာပါမယ်။ ဒီစရိတ်တွေကို အာမခံကုမ္ပဏီက ငွေချက်ချင်း ထုတ်မပေးသေးပါ။ အာမခံကုမ္ပဏီနဲ့ အာမခံထားသူ နှစ်ဦးနှစ်ဖက် စာချုပ်ထဲမှာ သဘောတူညီထားတဲ့ ငွေပမာဏ အထိကို အာမခံ ထားသူကပေးရပါမည်။ ဥပမာ - deductible က ဒေါ်လာ ၅၀၀ ဖြစ်ပြီး ဆေးကုသစရိတ် ကုန်ကျငွေက ဒေါ်လာ ၁၅၀၀ ဆိုပါက အာမခံထားသူ က ၅၀၀ ပေးရပြီး အာမခံကုမ္ပဏီက ၁၀၀၀ ပေးပါမည်။ Deductible ကို အချိန်ကာလ တစ်နှစ်အတွင်း ပမာဏ မည်မျှဟု သတ်မှတ်လေ့ရှိသည်။ ထိုအချိန် တစ်နှစ်ကျော်သွားပါက deductible ပမာဏမှာ တစ်က ပြန်စပါမည်။

ရည်ရွယ်ချက်

ကျန်းမာရေးအာမခံ ထားသူ တစ်ဦးအနေဖြင့် အမှန်တကယ် လိုအပ်မှသာ ဆေးရုံဆေးခန်းသို့ သွားစေရန်အတွက် သတ်မှတ်ထားခြင်း ဖြစ်သည်။ ဤသို့ မသတ်မှတ်ထားပါက အာမခံကုမ္ပဏီက ငွေပြန်ပေးမှာပဲ ဆိုပြီး အနည်းငယ် နေထိုင်မကောင်းဟု ထင်သည်နှင့် ထစ်ခနဲဆို ဆေးရုံဆေးခန်း သွားပြတာမျိုး ပြုလုပ်လာနိုင်သည်။ ထိုသို့ ပြုလုပ်သူ အရေအတွက် များလာလျှင် အာမခံကုမ္ပဏီက ဆေးကုသစရိတ် စိုက်ထုတ်ရငွေ ပမာဏ များလာပြီး အကျိုးဆက်အနေဖြင့် အာမခံထားသူများ၏ လစဉ်ပေးသွင်းနေရသော အာမခံကြေး မြင့်တက်လာမှုများ ဖြစ်လာနိုင်သည်။

သတိပြုရန်

နေထိုင်မကောင်းဖြစ်ပါက ကျန်းမာရေးအာမခံ ရှိနေသော်ညား deductible ငွေပမာဏကို မပေးနိုင်သည့် အတွက် ဆေးသွားမကုခြင်း၊ ဆေးရုံဆေးခန်း အရောက် နောက်ကျခြင်းများ ဖြစ်နိုင်။

Co-payment

အဓိပ္ပါယ်

စရိတ်မျှပေး။ စမ်းသပ်ခ နဲ့ ဆေးဖိုး ကုန်ကျစရိတ်တွေ အတွက် အာမခံထားသူက ဘယ်လောက် အာမခံ ကုမ္ပဏီက ဘယ်လောက် ပေးရမယ် ဆိုပြီး သတ်မှတ်ထားချက် ဖြစ်ပါတယ်။ ဥပမာ (၁) - စမ်းသပ်ခအတွက် co-payment က ဒေါ်လာ ၄၀ နှင့် ဆရာဝန်က စမ်းသပ်ခ ဒေါ်လာ ၁၂၀ တောင်းသည် ဆိုပါက အာမခံထားသူက ဒေါ်လာ ၄၀ ပေးရမည်ဖြစ်ပြီး အာမခံ ကုမ္ပဏီက ဒေါ်လာ ၈၀ ပေးမည်။ ဥပမာ (၂) - ဆေးဖိုးအတွက် co-payment က ၁၀ ဒေါ်လာ ဖြစ်ပြီး ဆေးဖိုးစုစုပေါင်းက ဒေါ်လာ ၂၀၀ ကျသည်ဆိုပါက အာမခံထားသူက ၁၀ ဒေါ်လာ ပေးရပြီး အာမခံကုမ္ပဏီက ဒေါ်လာ ၁၉၀ ပေးမည်။

ရည်ရွယ်ချက်

Deductible နှင့် ရည်ရွယ်ချက်တူသည်။

Coinsurance

အဓိပ္ပါယ်

စရိတ်မျှပေး မူကွဲ။ ဒီနည်းမှာတော့ အာမခံထားသူနဲ့ အာမခံကုမ္ပဏီတို့ အသီးသီး ပေးရမယ့် ငွေပမာဏကို ရာခိုင်နှုန်း သတ်မှတ်ထားပါတယ်။ ဥပမာ - coinsurance ရာခိုင်နှုန်းက ၂၀/၈၀ ဆိုလျှင် ဆေးကုသစရိတ် ကုန်ကျငွေ၏ ၂၀% ကို အာမခံထားသူက ပေးရပြီး ၈၀% ကို အာမခံကုမ္ပဏီက ပေးမည်။

ရည်ရွယ်ချက်

Deductible နှင့် ရည်ရွယ်ချက်တူသည်။

Exclusions

အဓိပ္ပါယ်

ချွင်းချက်များ။ ကျန်းမာရေးအာမခံ ဆိုသော်လည်း ရှိရှိသမျှ ၉၆ ပါး ရောဂါ အားလုံး အကျုံးဝင်ချင်မှ အကျုံးဝင်မည်။ မည်သည့်ရောဂါများ သို့မဟုတ် ကုသမှုများ အကျုံးမ၀င်ပါ ဆိုသည်ကို အာမခံစာချုပ်တွင် ဖော်ပြလေ့ရှိသည်။ ဥပမာအားဖြင့် plastic surgery (မျက်နှာ ခွဲစိတ် အလှပြင်ခြင်း) ကို exclusion ထဲ ထည့်ထားပါက ၄င်းကုသမှုအတွက် အာမခံထားသူက ၁၀၀% ပေးရပေမည်။ အာမခံကုမ္ပဏီက လုံးဝ ပေးမည် မဟုတ်။

ရည်ရွယ်ချက်

စရိတ်ထိန်းခြင်း ဖြစ်သည်။ မရှိမဖြစ်လိုအပ်သည်ဟု သတ်မှတ်ထားသော ကုသမှုများအပ အခြားသော ကုသမှုများကို ဖယ်ထုတ်ထားခြင်းဖြင့် ကျန်းမာရေးစရိတ် နှင့် အာမခံကြေးတို့ကို ထိန်းထားနိုင်သည်။

Coverage limits

အဓိပ္ပါယ်

အာမခံကုမ္ပဏီက အများဆုံး ငွေမည်မျှအထိ ပေးမည်ဟု သတ်မှတ်ထားချက်။ ဥပမာ - coverage limit က ဒေါ်လာ ၁ သိန်းခွဲ ဖြစ်ပြီး ဆေးကုသစရိတ်က ဒေါ်လာ ၂ သိန်း ကုန်ကျနေပါက အာမခံ ကုမ္ပဏီက ဒေါ်လာ ၁ သိန်းခွဲ ပေးပြီး ကျန်ငွေ ဒေါ်လာ ၅ သောင်းကို အာမခံထားသူက ပေးရမည်။

ရည်ရွယ်ချက်

မည်သူတစ်ဦးတစ်ယောက် သို့မဟုတ် ကုမ္ပဏီ တစ်ခု သို့မဟုတ် အစိုးရ တစ်ရပ် အနေဖြင့် လူနာတစ်ဦးအတွက် “ငွေမည်မျှကုန်ကုန်” ဟု မိုးမဆုံး မြေမဆုံး အတိုင်းအဆမရှိ အကုန်အကျမခံနိုင်။ ထို့ကြောင့် လက်တွေ့ကျသော အများဆုံး ပေးမည့် ငွေပမာဏကို သတ်မှတ်ထားခြင်းဖြစ်သည်။

Out-of-pocket maximums

အဓိပ္ပါယ်

အာမခံထားသူက အများဆုံး ငွေမည်မျှအထိ ပေးရမည်ဟု သတ်မှတ်ထားချက်။ (coverage limit နှင့် တူသည်။ သို့ရာတွင် out-of-pocket maximum က အာမခံထားသူ အတွက် သတ်မှတ်ချက် ဖြစ်သည်။) ဥပမာ - out-of-pocket maximum က ဒေါ်လာ ၂၀၀၀ ဖြစ်ပြီး တစ်နှစ်အတွင်း ဆေးကုသစရိတ် စုစုပေါင်းက ဒေါ်လာ ၉ ထောင် ဆိုပါက အာမခံထားသူက ဒေါ်လာ ၂ ထောင် အထိ ပေးရပြီး ကျန်စရိတ် ဒေါ်လာ ၇ ထောင်ကို အာမခံကုမ္ပဏီက ပေးမည်။

ရည်ရွယ်ချက်

ကျန်းမာရေး ကုန်ကျစရိတ်ကြောင့် လူတစ်ဦးတစ်ယောက် ဘ၀ပျက်သွားသည်မျိုး ဒေ၀ါလီ ခံလိုက်ရတာမျိုး မဖြစ်အောင် အကာအကွယ်ပေးထားခြင်းဖြစ်သည်။

In-network provider

အဓိပ္ပါယ်

အာမခံကုမ္ပဏီနှင့် ချိတ်ဆက်ထားသော ကျန်းမာရေး စောင့်ရှောက်မှု ပေးသူ (နက်ဝပ် ဆရာဝန်)။ အချို့ ကျန်းမာရေးအာမခံများတွင် အာမခံကုမ္ပဏီနှင့် ချိတ်ဆက်ထားသည့် နက်ဝပ်ဆရာဝန် နှင့်သာ ပြသခွင့်ရှိသည်။ အခြား ဆရာဝန် နှင့် ပြသပါက မိမိဖာသာ အစအဆုံး အကုန်အကျခံရသည်။ အချို့အာမခံကမူ နက်ဝပ်ထဲက မဟုတ်သော ဆရာဝန်နှင့် ပြလျှင် လူနာက စိုက်ပေးရသည့် ငွေပမာဏ ပိုများသည်။ ဤသည်ကို coinsurance နှင့် ချိတ်ဆက်ထားတတ်သည်။ ဥပမာ - နက်ဝပ်ဆရာဝန် နှင့် ပြလျှင် coinsurance က ၂၀/၈၀ ဖြစ်ပြီး နက်ဝပ်ထဲက မဟုတ်သော ဆရာဝန်နှင့် ပြလျှင် coinsurance က ၅၀/၅၀ ဖြစ်မည်။

ရည်ရွယ်ချက်

စရိတ်ထိန်းခြင်း ဖြစ်သည်။

Capitation

အာမခံကုမ္ပဏီက ကျန်းမာရေးစောင့်ရှောက်မှုပေးသူ (ဆရာဝန်၊ သူနာပြု၊ ဆေးရုံ၊ ဆေးခန်း) ကို လူနာတစ်ယောက်လျှင် ငွေမည်မျှ ပေးမည်ဟု သတ်မှတ်ထားချက်။

Prior authorization

အဓိပ္ပါယ်

ကြိုတင်ခွင့်ပြုချက်။ အချို့သော ဈေးကြီးသည့် ကုသမှုများ (ဥပမာ - magnetic resonance imaging သံလိုက်ဓာတ်မှန်) မပြုလုပ်မီ အာမခံကုမ္ပဏီကို ကြိုတင်ခွင့်ပြုချက် တောင်းရန် လိုအပ်သည်။ သို့မှသာ အဆိုပါ ကုသမှုအတွက် အာမခံကုမ္ပဏီက ငွေပေးချေလိမ့်မည်။ ကြိုတင်ခွင့်ပြုချက် မတောင်းပါက သို့မဟုတ် အာမခံကုမ္ပဏီက ခွင့်မပြုဟုပြောပါက အဆိုပါ ကုသမှုအတွက် စရိတ်ကို အာမခံထားသူက အိတ်စိုက်ပေးရပေမည်။

ရည်ရွယ်ချက်

စရိတ်ထိန်းခြင်း ဖြစ်သည်။

Risk

အဓိပ္ပါယ်

Risk ကို Juan က “ရောဂါရနိုင်ချေ” ဟု ဘာသာပြန်သည်။ လူတစ်ဦးနှင့် တစ်ဦး ကျား၊မ၊ အသက်အရွယ်၊ အနေအထိုင်ပေါ်မူတည်၍ ရောဂါရနိုင်ချေ မတူပေ။ အချို့က ရောဂါရနိုင်ချေ များပြီး အချို့က နည်းသည်။

Risk distribution

အဓိပ္ပါယ်

ကျန်းမာရေးအာမခံ၏ အနှစ်သာရပင်ဖြစ်သည်။ လူတစ်ဦးနှင့် တစ်ဦး ရောဂါရနိုင်ချေ မတူညီကြသော်လည်း လူအားလုံး စုပေါင်း၍ ငွေကြေး သာတူညီမျှ ထည့်ဝင်ခြင်းဖြင့် နေမကောင်းသူများ ဆေးကုသစရိတ် မထောင်းစေရန် အကာအကွယ်ပေးခြင်း ဖြစ်သည်။ တနည်းအားဖြင့်ပြောရလျှင် ရောဂါရနိုင်ချေ တန်းညှိပေးလိုက်ခြင်းပင်။

Moral hazard

အဓိပ္ပါယ်

ကျန်းမာရေး အာမခံစနစ် မရှိသော နေရာများတွင် လူနာက ဆရာဝန်၊ ဆေးရုံ၊ ဆေးခန်းကို ကုန်ကျစရိတ် တိုက်ရိုက် ပေးချေရသော်လည်း ကျန်းမာရေးအာမခံ စနစ်တွင် သာမာန်အားဖြင့် အာမခံကုမ္ပဏီက ဆရာဝန်၊ ဆေးရုံ၊ ဆေးခန်းကို ကုန်ကျငွေ တိုက်ရိုက် ပေးချေလေသည်။ ထိုကဲ့သို့ အာမခံကုမ္ပဏီက လူနာကို ကျော်ပြီး ကျန်းမာရေး စောင့်ရှောက်မှု ပေးသူကို တိုက်ရိုက် ငွေပေးချေခြင်းကို တတိယလူက ငွေပေးချေခြင်း (Third party payer system) ဟု ခေါ်ဆိုသည်။ မိမိကိုယ်တိုင် ငွေမပေးချေရခြင်းကြောင့်၎င်း အာမခံကြေး ပေးသွင်းထားပြီး ဖြစ်သဖြင့် မိမိ၏ ရပိုင်ခွင့်ဟု ယူဆသောကြောင့်၎င်း အာမခံထားသူက ဆေးရုံ၊ ဆေးခန်း များကို မကြာခဏ သွားရောက်ပြီး ကုသခံခြင်းများဖြစ်ပေါ်လာနိုင်သည်။ မိမိဖာသာ ငွေပေးချေရမည်ဆိုလျှင် ထိုကဲ့သို့ အကြိမ်ရေ များများ သွားရောက် အကုသခံချင်မှ ခံပေမည်။ ဤကဲ့သို့ ပုံမှန်အနေအထားထက် ပို၍ ဆေးကုသခံယူခြင်းကို moral hazard ဟု ခေါ်သည်။

သတိပြုရန်

ကျန်းမာရေး အာမခံထားသူ အတော်များများက Moral hazard ကို ကျင့်သုံးနေလျှင် ကျန်းမာရေးကုန်ကျစရိတ် တက်လာပြီး အကျိုးဆက်အနေဖြင့် အာမခံကြေး တက်လာနိုင်သည်။

Adverse selection

အဓိပ္ပါယ်

လူတစ်ဦးသည် မိမိ၏ ကျန်းမာရေး ဆိုးလာစရာ ရှိသည်ဟု သံသယ ရှိသော အခါမှ ကျန်းမာရေးအာမခံ ၀ယ်ခြင်းမျိုးကို ဆိုလိုသည်။ ဥပမာ - ဆေးလိပ်သောက်သူသည် မသောက်သူထက် ကျန်းမာရေး ပိုပြီး ဆိုးနိုင်သည်။ အာမခံကုမ္ပဏီက ဆေးလိပ်သောက်သောက် မသောက်သောက် အာမခံကြေးကို အတူတူ တောင်းလျှင် ဆေးလိပ်သောက်သူများက မသောက်သူများထက် ကျန်းမာရေးအာမခံ ပိုပြီး ၀ယ်လာကြစရာရှိသည်။ တဖန် ထိုဆေးလိပ်သောက်သူများကပင် ပိုပြီး နေထိုင်မကောင်း ဖြစ်ကြသဖြင့် အာမခံကုမ္ပဏီ အနေဖြင့် အာမခံကြေးရသည်နှင့် မကာမိအောင် ဆေးကုသစရိတ် ပြန်ထုတ်ပေးရဖွယ်ရှိသည်။

သတိပြုရန်

ကျန်းမာရေးအာမခံ - မိတ်ဆက် မှာတုန်းက “လူတိုင်း” ဆိုသည့် စကားလုံးကို စာလုံးနက် (Bold type) ဖြင့် ပြထားခဲ့သည်။ ဆိုလိုသည်မှာ ကျန်းမာရေးအာမခံသည် လူတိုင်း ၀ယ်မှသာ ကောင်းမွန်သော စနစ်တစ်ခု ဖြစ်ပေမည်။ နေမကောင်းသူများကသာ ကျန်းမာရေးအာမခံ ၀ယ်ပြီး ကျန်းမာရေး ဒေါင်ဒေါင်မည်နေသူများက မ၀ယ်လျှင် ကျန်းမာရေးအာမခံ ဈေးကွက် ပျက်သွားနိုင်သည်။ Death spiral တွင် အသေးစိတ် ဆက်ဖတ်ပါ။

Death spiral

အဓိပ္ပါယ်

ကျန်းမာရေးအာမခံ ကုမ္ပဏီ၏ နေ၀င်ချိန်။ နေထိုင်မကောင်းဖြစ်သူ သို့မဟုတ် နေထိုင်မကောင်း ဖြစ်လာစရာရှိသည်ဟု မိမိကိုယ်မိမိ သိနေသူများကသာ ကျန်းမာရေးအာမခံ ၀ယ်လျှင် အာမခံကုမ္ပဏီ အနေဖြင့် တွက်ချေမကိုက်တော့။ အာမခံကြေး ပိုတောင်းတော့မည်။ အာမခံကြေး ဈေးတက်လာသောကြောင့် ရောဂါကြီးကြီးမားမား ရှိသူများလောက်သာ အာမခံဝယ်တော့မည်။ ထိုအခါ အာမခံကုမ္ပဏီက ဆေးကုသစရိတ် ပိုပြီးများများ ထုတ်ပေးရဦးမည်။ အာမခံကြေး ထပ်တက်လာမည်။ ထိုသို့ သံသရာလည်ပြီး အာမခံကုမ္ပဏီ ပြုတ်သွားပေမည်။

ကျန်းမာရေးအာမခံ ပုံစံကွဲအမျိုးမျိုးကို ဆက်လက်ဖော်ပြပါဦးမည်။

စာရှုသူများသို့ ပန်ကြားချက်။ ။ ပိုမိုသင့်လျော်သော ဘာသာပြန် စကားလုံးများ အကြံပေးလိုပါက မှတ်ချက်တွင် ရေးသားသွားစေလိုပါသည်။

ဝန်ခံချက်။ ။ စာရေးသူသည် ကျန်းမာရေးအာမခံ ကုမ္ပဏီ မပိုင်ပါ။ ကျန်းမာရေးအာမခံ ကုမ္ပဏီ အစုရှယ်ယာလည်း ၀ယ်မထားပါ။

အာရောဂျံ ပရမံ လာဘံ
တက္ကသိုလ် လှမွန်

စာကိုး။

Lecture notes from the U.S. health care system class
http://en.wikipedia.org/wiki/Health_insurance
http://en.wikipedia.org/wiki/Moral_hazard
http://en.wikipedia.org/wiki/Adverse_selection
http://www.hiriautatpa.com/2008/08/12/life-cycle-7/

ယခင်ပို့စ်

ကျန်းမာရေးအာမခံ-မိတ်ဆက်

Read More...

Saturday, December 5, 2009

Introduction to health insurance

၅၊ ၁၂၊ ၂၀၀၉

ကျန်းမာရေးအာမခံ - မိတ်ဆက်

“ကျန်းမာရေးအာမခံ” ဆိုတာဘာလဲ၊ ဘယ်လို ပုံစံမျိုးနဲ့ အလုပ်လုပ်သလဲ စသဖြင့် သိကောင်းစရာလေးတွေကို အခန်းဆက် ဆောင်းပါးများနဲ့ တင်ပြသွားပါမယ်။

လူတွေ မလွန်ဆန်နိုင်တဲ့ တရားထဲမှာ “နာခြင်း” က တစ်ခုအပါဝင်ဖြစ်လို့ တစ်နေ့ နာကြရမယ်ဆိုတာ အသေအချာ သိကြပေမယ့် …
  • အဲဒီတစ်နေ့က ဘယ်နေ့လဲ ဆိုတာ
  • ဘယ်နေရာက နာမယ်ဆိုတာ
  • ဘယ်လောက် အတိုင်းအတာအထိ နာမယ်ဆိုတာ
  • ဘယ်လောက်ကြာကြာ နာနေမယ်ဆိုတာ
အသေအချာ မသိကြပါ။

အဲဒီလို ဘယ်နေ့ ဘယ်ထောင့်ကနေ ဘယ်လို ပေါ်လာမယ်မှန်းမသိ၊ ဘယ်လောက်ကြာကြာ နာနေမယ်မှန်း မသိတဲ့ “နာခြင်း” ဆိုတာကြီးကို ကုသဖို့ရာ ဘယ်လောက် ကုန်ကျမယ် ဆိုတာက ပိုပြီး မှန်းဆရခက်လာပါတယ်။ အသက်နဲ့ ယှဉ်လာပြီ ဆိုတော့ တခြားလိုအပ်ချက်တွေ ဘေးချပြီး ကျန်းမာရေးအတွက် သုံးကြရပါတော့တယ်။ တတ်နိုင်ရင် တော်သေးရဲ့ မတတ်နိုင်ရင် ဘယ့်နှယ်လုပ်မလဲ။

ဒီလို မသိကိန်းတွေ ရှိနေပေမယ့် မှန်းဆနိုင်တဲ့ အကြောင်းအရာတွေကလည်း ရှိနေပြန်ပါတယ်။

ဥပမာ - ကမ္ဘာပေါ်မှာ လူဦးရေ သန်း ၃ထောင်ရှိတဲ့ အနက် ဒီနှစ်တော့ လူ ၈ သန်းလောက် တီဘီဖြစ်မယ်၊ သန်း ၂၄၀ လောက် ငှက်ဖျား ဖြစ်မယ် စသဖြင့် ခန့်မှန်းလို့ ရပါတယ်။ တီဘီဖြစ်ဖြစ် ငှက်ဖျားဖြစ်ဖြစ် ကုသစရိတ် တစ်ယောက်ကို ဒေါ်လာ ၅၀ ကုန်မယ် ဆိုပါစို့။ ဒါဆို စုစုပေါင်း ဒေါ်လာ သန်းပေါင်း ၁၂၄၀၀ ကုန်ပါမယ်။ အဲ တစ်ကမ္ဘာလုံးမှာရှိတဲ့ လူဦးရေ သန်း ၃၀၀၀ နဲ့ပဲ တွက်ဦး လူတိုင်း ငွေကြေးထည့်ဝင်ရင် တစ်ဦးကို ၄ ဒေါ်လာပဲ ထည့်ဝင်ရပါမယ်။

ဒါပေမယ့်လည်း စဉ်းစားစရာတွေက ရှိနေပါသေးတယ်။ ၄ ဒေါ်လာဆိုတာဟာ ချမ်းသာတဲ့ နိုင်ငံတွေမှာ မုန့်ဖိုးလောက် ရှိပေမယ့် ဆင်းရဲတဲ့နိုင်ငံတွေမှာ မိသားတစ်စုရဲ့ တစ်ရက်စာ ၀င်ငွေ ဖြစ်ရင် ဖြစ်နေမှာပါ။ နောက်ပြီး “ကိုယ်က ရောဂါမဖြစ်ပဲနဲ့ ရောဂါဖြစ်နေတဲ့ လူတွေအတွက် ကုန်ကျစရိတ်ကို မျှခံရတာဟာ တရားသလား” ဆိုတာမျိုး စောဒဂ တက်မယ်ဆိုရင်လည်း တက်စရာပါပဲ။ အဲ … ကိုယ်ကိုယ်တိုင်က မကျန်းမာတဲ့ လူဖြစ်လာရင်တော့ … “အင်း … ကျန်းမာနေတဲ့ လူတွေက ကုသစရိတ်မျှခံပေးရင်တော့ ကိုယ့်အတွက် သက်သာမှာပဲ” လို့ တွေးမိစရာ ရှိပါတယ်။ ကဲပါလေ … ဒီလို စဉ်းစားစရာတွေကို ခဏ ဘေးချထားလိုက်ပါဦးမယ်။

ရပ်ကွက်ထဲက ချို့တဲ့တဲ့ အသိမိတ်ဆွေ တစ်ယောက် နေထိုင်မကောင်းဖြစ်လို့ ရပ်ကွက်သူ ရပ်ကွက်သားတွေ ၀ိုင်းပြီး ကူငွေ ထည့်ကြတာက လွယ်ပါတယ်။ ဒါပေမယ့် မြို့တစ်မြို့၊ နိုင်ငံ တစ်နိုင်ငံ အနေနဲ့ ဆိုရင် လူတိုင်းဆီကနေ ဝေပုံကျ ထည့်ဝင်ငွေ ကောက်ဖို့ နောက်ပြီး မကျန်းမာသူတွေကို စရိတ်ပြန်ထောက်ပေးဖို့ကတင် အလုပ်တစ်ခု ဖြစ်လာပါတယ်။

ဒီအလုပ်ကို နိုင်ငံ အမျိုးမျိုးမှာ ပုံစံအမျိုးမျိုးနဲ့ အဖွဲ့အစည်း အမျိုးမျိုး(အစိုးရ၊ ပုဂ္ဂလိက၊ သမ၀ါယမ၊ အန်ဂျီအို)က တာဝန်ယူကြပါတယ်။ တာဝန်ယူတဲ့ အဖွဲ့အစည်းရဲ့ ပုံသဏ္ဍန်ပေါ်မူတည်ပြီး လုပ်ထုံးလုပ်နည်း အမည်အမျိုးမျိုး ကွဲပြားသွားကြပေမယ့် “ကျန်းမာရေးအာမခံ” ဆိုတဲ့ ကျန်းမာရေး ကုန်ကျစရိတ်ကို လူအများရဲ့ ထည့်ဝင်ငွေထဲမှ ကျခံပေးခြင်း အခြေခံသဘောတရားကတော့ မပြောင်းမလဲရှိနေဆဲပါ။ နောက်ပိုင်းဆွေးနွေးရလွယ်အောင် ကျန်းမာရေးအာမခံ ဆောင်ရွက်ပေးတဲ့ အဖွဲ့အစည်းကို အာမခံကုမ္ပဏီ လို့ပဲ ဆိုကြပါစို့ရဲ့။ စောစောက ပြောခဲ့သလို အာမခံကုမ္ပဏီ ဆိုတာဟာ အစိုးရလည်း ဖြစ်နိုင်သလို ပုဂ္ဂလိက ဒါမှမဟုတ် သမ၀ါယမ ဒါမှမဟုတ် အန်ဂျီအို ဖြစ်နိုင်တယ် ဆိုတာကို မှတ်ချက်အနေနဲ့ တို့ထားခဲ့ချင်ပါတယ်။

ဒီတော့ ကျန်းမာရေးအာမခံ ကို အကောင်အထည် ဖော်ရာမှာ ကျန်းမာရေးစောင့်ရှောက်မှုပေးသူ၊ လူနာ နဲ့ အာမခံကုမ္ပဏီ ဆိုပြီး သုံးဦး သုံးဖလှယ် ရှိပါမယ်။ လူနာ (သို့မဟုတ်) တချိန်ချိန် လူနာ ဖြစ်လာနိုင်တဲ့ သူတွေက အာမခံကုမ္ပဏီကို လစဉ်ကြေး ပေးသွင်းထားပြီး မိမိနေထိုင်မကောင်းဖြစ်လို့ ဆေးကုသတဲ့အခါမှာတော့ အာမခံကုမ္ပဏီကနေ ဆေးကုသစရိတ်ကို ပြန်ထုတ်ပေးပါမယ်။ ဒါက အရိုးရှင်းဆုံး ကျန်းမာရေးအာမခံ စနစ်ပါ။ တကယ့်လက်တွေ့မှာတော့ ဒီ့ထက် နည်းနည်းပိုပြီး ရှုပ်ထွေးပါတယ်။

နောင်အခါ အငြင်းမပွားရလေအောင် ကတိက၀တ် စာချုပ်စာတမ်းတွေနဲ့ တစ်ဦးကိုတစ်ဦး ချည်နှောင်ထားကြလေတော့ ကျန်းမာရေးအာမခံစာချုပ်မှာ ပါဝင်တဲ့ အသုံးအနှုန်းတွေက ဥပဒေ အသုံးအနှုန်း၊ ငွေကြေးဆိုင်ရာ အသုံးအနှုန်း၊ ကျန်းမာရေး အသုံးအနှုန်းတွေနဲ့ ပြည့်နှက်နေပြီး သာမာန်အားဖြင့် လုံးစေ့ပတ်စေ့ နားလည်ဖို့ ခက်ခဲပါတယ်။ တကယ်တန်း ကျန်းမာရေးအာမခံကို အသုံးချဖို့ လိုလာပြီဆိုတော့မှ အဆင်မပြေတာတွေ ဖြစ်ဖြစ်လာတတ်လို့ အဲဒီအသုံးအနှုန်းတွေထဲက မသိမဖြစ် သိသင့်တဲ့ အသုံးအနှုန်းတွေကို နောက်ဘလောက်ပို့စ်မှာ ဆက်ပြီး တင်ပြပါမယ်။

အာရောဂျံ ပရမံ လာဘံ
တက္ကသိုလ် လှမွန်

စာကိုး။

WHO. 2006. Global disease burden 2004 update.

Read More...

year 3 and counting

၅၊ ၁၂၊ ၂၀၀၉

သုံးနှစ် သုံးမိုး

ဒီဘလောက် မနေ့က သုံးနှစ်ပြည့်သည်။ ဘလောက်ရေးရတာကို ကြိုက်ပါသည်။ သို့ပေမယ့် ဒီဘက်နှစ်တွေမှာ စာရေးနှုန်းက သိသိသာသာ နှေးကွေးလို့လာနေသည်။ ပုံမှန်ဆက်ရေးဖြစ်ဖို့ အတော်ကြိုးစားရဦးမည်။

Read More...

Monday, November 23, 2009

Presumption of innocence

၂၃၊ ၁၁၊ ၂၀၀၉


မြန်မာ့ သတင်းမီဒီယာအချို့ စည်းဘောင်လွတ်နေခြင်း


ဒီရက်ပိုင်းအတွင်း ပြည်တွင်းက သတင်းဂျာနယ် နှစ်စောင်မှာ ပါဝင်တဲ့ အမျိုးသမီးငယ် တစ်ဦး ရန်ကုန်မြို့ရှိ ပုဂ္ဂလိက ဆေးရုံတစ်ခုတွင် သေဆုံးခြင်း သတင်းကို ဖတ်မိပြီး ဤဆောင်းပါးကို ရေးရန် အကြံဖြစ်ပါသည်။

သတင်းအကျဉ်းမှာ သွေးလွန်တုတ်ကွေးရောဂါဖြစ်ပြီးစ အမျိုးသမီးငယ်တစ်ဦးသည် ဗိုက်နာသဖြင့် ပုဂ္ဂလိက ဆေးရုံတစ်ရုံတွင် သွားရောက်ပြသသည်။ ဆရာဝန်တစ်ဦးက စမ်းသပ်စစ်ဆေးပြီး အူအတက်ရောင်ရောဂါ ရှိသည်ဟု ဆိုကာ ခွဲစိတ်ကုသသည်။ ခွဲစိတ်ကုသအပြီး နှစ်ရက်အကြာတွင် အမျိုးသမီးငယ် သေဆုံးသွားခဲ့သည်။ သတင်းနှစ်ပုဒ်လုံး၏ သုံးသပ်ချက်မှာ ဆရာဝန်၏ အမှားကြောင့် အမျိုးသမီးငယ် အသက်ဆုံးရှုံးရသည်ဟု ဆိုထားပြီး နောင်တွင် အလားတူ အမှားမျိုးမဖြစ်ရန် အကြံဥာဏ် ပေးထားလေသည်။

သတင်းဆောင်းပါး အကျယ်ကို အောက်ပါ ဂျာနယ်နှစ်စောင်တွင် ဖတ်ရှုနိုင်ပါသည်။

Snap-shot
weekly 11

ကျွန်တော့်အနေဖြင့် တရားဥပဒေ ရှုထောင့်နှင့် ဆေးပညာရှုထောင့် တို့မှကြည့်၍ ပြန်လည် ဆွေးနွေးလိုသည်။

တရားဥပဒေရှုထောင့်


(၁) သတင်းနှစ်ပုဒ်လုံး၏ အရင်းအမြစ်သည် ကွယ်လွန်သွားသော အမျိုးသမီးငယ်၏ မိခင်ထံမှ ဖြစ်သည်။ သက်ဆိုင်ရာ ပုဂ္ဂလိကဆေးရုံနှင့် ပါဝင်ပတ်သက်နေသော ဆရာဝန် (သို့မဟုတ်) ၄င်းတို့က လွှဲအပ်သော ရှေ့နေတို့၏ တိုက်ရိုက် ပြောဆိုချက်များ မပါဝင်။ (မိခင်က တဆင့်ပြောသော ဆေးရုံ၏ အစုရှယ်ယာ ပါဝင်သူတစ်ဦး၏ ပြောဆိုချက်သည် hearsay evidence ဖြစ်သဖြင့် သက်သေအဖြစ် တင်ရန် ခဲယဉ်းသည်။) ထို့ကြောင့် မျှတမှု ရှိသော သတင်းများ မဟုတ်ပေ။

(၂) သေဆုံးရသည့် အကြောင်းရင်းကို ရင်ခွဲစစ်ဆေးသည့် ဆေးစစ်ချက် (Post-Mortem report) မပါရှိ။ Death certificate ( သေစာရင်း ) တစ်ခုတည်းသည် သေဆုံးရသည့် အကြောင်းရင်းအတွက် ပြည့်စုံလုံလောက်သည့် အထောက်အထား မဖြစ်ပါ။

(၃) ဆရာဝန်၏ မကျွမ်းကျင်မှု (သို့မဟုတ်) ပေါ့လျော့မှု ဖြစ်မဖြစ်ကို ဘက်လိုက်မှုမရှိသော (၄င်းပုဂ္ဂလိက ဆေးရုံနှင့်၎င်း၊ ကုသသော ဆရာဝန်နှင့်၎င်း၊ လူနာရှင်နှင့်၎င်း တစုံတရာ ပတ်သက်မှု မရှိသည့်) စုံစမ်းစစ်ဆေးရေး အဖွဲ့ ဖွဲ့စည်းဆောင်ရွက်ထားခြင်း မရှိ။

(၄) မြန်မာနိုင်ငံ၏ တရားစီရင်ရေး စနစ်အရ တရားရုံးရှေ့မှောက်တွင် အပြစ်ရှိသည်ဟု စီရင်ခြင်း မခံရသေးသရွေ့ တရားစွဲဆိုခံရသူအား အပြစ်မရှိဟု မှတ်ယူရမည်ဆိုသော “Innocent until proven guilty” ဆိုသည့် မူကို ဆန့်ကျင်နေသည်။ (စကားချပ်။ ။ အမေရိကန် နိုင်ငံ ဖို့ဒ်ဟုဒ်စစ်စခန်းတွင် စစ်သား ၁၃ ဦးကို သေစေမှုဖြင့် စွပ်စွဲခံနေရသော ဗိုလ်မှုးဟာဆန်အား မျက်မြင်သက်သေများ အများအပြားရှိနေစေကာမူ တရားရုံးက ပြစ်ဒဏ်ချမှတ်ခြင်း မရှိသေးသဖြင့် ယခုအချိန်အထိ စာနယ်ဇင်းများက “Accused” ဟူသည့် စကားလုံးဖြင့်သာ သုံးနှုန်းပြီး အပြစ်ရှိသူဟု မသုံးနှုန်းကြောင်း သတိပြုမိပါသည်။)

ဆေးပညာရှုထောင့်


(၁) အပေါ်သွေး ၉၀ နှင့် အောက်သွေး ၆၀ သည် ကိုယ်အလေးချိန်နည်းသော မြန်မာ အမျိုးသမီးများ အဖို့ ပုံမှန်ရှိသော သွေးပေါင်ချိန် ဖြစ်နိုင်သည်။ အမျိုးသမီးငယ်၏ နေထိုင်မကောင်း မဖြစ်မီက ရှိသော သွေးပေါင်ချိန်နှင့် နှိုင်းယှဉ် စဉ်းစားရန်လိုသည်။ သာမာန်အားဖြင့်မူ အပေါ်သွေး ၉၀ နှင့် အောက်သွေး ၆၀ သည် သွေးပေါင်ချိန် နည်းနေသည်ဟု မဆိုသာ။

(၂) Acute abdomen - ရုတ်တရက်ဖြစ်သော ဗိုက်အောင့်ဗိုက်နာ ရောဂါအုပ်စု၏ လက္ခဏာများမှာ ခပ်ဆင်ဆင်တူသည်။ သေစာရင်း Death certificate တွင်ပါရှိသော ရောဂါအမည် သတ်မှတ်ချက်ဖြစ်သည့် Mesenteric lymphadenitis (အူရှိ ပြန်ရည်ကျိတ်ရောင် ရောဂါ) နှင့် Acute appendicitis (အူအတက်ရောင်ရောဂါ) ရောဂါ နှစ်မျိုးစလုံးမှာ ရုတ်တရက်ဖြစ်သော ဗိုက်နာ ဗိုက်အောင့် ရောဂါ အုပ်စုတွင် အကျုံးဝင်သဖြင့် ရောဂါလက္ခဏာ ဆင်တူသည်။ ၀မ်းဗိုက်ကို ဖိလျင် နာခြင်း (tenderness) သည် ၄င်း Acute abdomen ရောဂါအုပ်စု၏ လက္ခဏာ တစ်မျိုးဖြစ်သည်။ ကုသပုံမှာ ကွဲပြားသည်။ အူအတက်ရောင်ရောဂါ ဖြစ်လျှင် ခွဲစိတ်ကုသမှသာ ပျောက်ကင်းရန် အခွင့်အလန်းများပြီး ပြန်ရည်ကျိတ်ရောင်ခြင်း အတွက်မူ ခွဲစိတ်ကုသရန် လိုအပ်လေ့မရှိ။

(၃) ခွဲစိတ်ကုသရန်အတွက် အရွယ်မရောက်သေးသူဖြစ်ပါက မိဘ (သို့) အုပ်ထိမ်းသူ၏ ခွင့်ပြုချက် ရယူရန်လိုသည်။ ထိုခွင့်ပြုချက်တွင် ခွဲစိတ်ခြင်းကြောင့် ဖြစ်နိုင်သော အန္တရာယ်များကို သိရှိနားလည်ကြောင်းနှင့် ခွင့်ပြုကြောင်းပါရှိသည်။ ကျွန်တော်တို့ နိုင်ငံတွင် ဆရာဝန့် သဘောပါဟု ဆရာဝန်ကို ပုံအပ်တတ်ကြသည်။ အမှန်တကယ် ဖြစ်သင့်သည်မှာ ဆရာဝန် ကိုယ်တိုင် (သို့) ဆရာဝန်က လွှဲအပ်ခြင်း ခံရသော သူနာပြု က ခွဲစိတ်ခြင်း၏ အကျိုး၊ အပြစ်တို့ကို လူနာရှင်အား သေသေချာချာနားလည် သဘောပေါက်အောင် ရှင်းပြပြီး လူနာရှင်က ဆုံးဖြတ်ချက် ချရန်ဖြစ်သည်။ ဆိုလိုရင်းမှာ ဆေးပညာရှင်များဖက်က လူနာနှင့် လူနာရှင် နားလည် သဘောပေါက်အောင် ရှင်းလင်း ပြောပြရန် တာဝန်ရှိပြီး၊ ဆုံးဖြတ်ချက်ချရန်နှင့် ထိုဆုံးဖြတ်ချက်၏ အကျိုးဆက်ကို ခံစားရန်မှာ လူနာနှင့် လူနာရှင်ဖြစ်သည်။ ခွဲစိတ်ကုသချက်တွင် ကျွမ်းကျင်မှု ရှိမရှိကမူ ခွဲစိတ်ကုသသူ ဆရာဝန်၏ တာဝန်ဖြစ်ပေမည်။

(၄) “တီဗွီဓာတ်မှန် မရိုက်၊ သွေးမစစ်ပဲ ခွဲစိတ်ခန်းထဲ ပို့လိုက်တယ်” ဟု လူနာရှင် မိခင်က ပြန်လည်ပြောပြကြောင်း သတင်းတွင် ရေးသားထားသည်။ ဤအချက်မှာ အတိအကျ မှန်မမှန် ပြောရခက်သည်။ အဘယ်ကြောင့်ဆိုသော် အရေးပေါ်ခွဲစိတ်ကုသမှု အတွက် ပြင်ဆင်တိုင်း သွေးအမျိုးအစား စစ်ဆေးခြင်းနှင့် သွေးအရန်သင့်ထားခြင်းတို့က မဖြစ်မနေ လုပ်ရမည့်ကိစ္စများပင်။ ထိုသို့ မလုပ်ဆောင်ခဲ့သော် ဆရာဝန်ဖက်က “ပေါ့လျော့မှု” ရှိသည်ဟု ပြောမည်ဆိုက ပြောနိုင်သည်။ တီဗွီဓာတ်မှန် ရိုက်ခြင်းသည် ဤရောဂါအတွက် အကောင်းဆုံး စစ်ဆေးချက် ဟုတ်မဟုတ် ကျွန်တော် မပြောတတ်ပေ။ သို့ရာတွင် လူနာကို လက်ဖြင့် စမ်းသပ်ရုံတင်မကပဲ ထပ်မံအတည်ပြုသည့် စစ်ဆေးချက် ( ဥပမာ - ကွန်ပျူတာ ဓာတ်မှန်ရိုက်ခြင်း ) ကို ဆောင်ရွက်ရန် အခြေအနေပေးပါက ဆောင်ရွက်သင့်ပေသည်။ အထက်ပါအချက်မှာ ကျွန်တော်၏ ထင်မြင်ချက်သာဖြစ်ပြီး ပို၍ ဖြစ်သင့်သည်မှာ မခွဲစိတ်မီ လုံလောက်သော စမ်းသပ် စစ်ဆေးချက်များ ပြုလုပ်ခဲ့ခြင်း ရှိမရှိကို ကျွမ်းကျင်သော ပညာရှင်များပါသည့် (တရားဥပဒေ ရှုထောင့် အချက် - ၃ ပါ) ဘက်လိုက်မှုမရှိသော စုံစမ်းစစ်ဆေးရေး အဖွဲ့က အဆုံးအဖြတ် ပေးရပေမည်။

ပြန်လှန် ဆွေးနွေးချက်ကို အချုပ်ဆိုရသော် သတင်းပါ အချက်အလက်များသည် ဆရာဝန်တွင် အပြစ်ရှိသည် (သို့မဟုတ်) မရှိပါဟု ပြောဆိုရန် မလုံလောက်ဟု ထင်မြင်မိပါသည်။ ထို့အပြင် တရားရုံးတွင် တရားရင်ဆိုင်ပြီး ဆရာဝန်တွင် အပြစ်ရှိသည်ဟု စီရင်ချက် မချမှတ်သေးသောကြောင့် ဥပဒေသဘောအရ ယခုပစ္စုပ္ပန်အချိန်တွင် ဆရာဝန်၌ အပြစ်မရှိဟု မှတ်ယူရပေမည်။

တိုင်းပြည်၏ မျက်စိနှင့် နားသဖွယ်ဖြစ်သော သတင်းမီဒီယာအချို့၏ သတင်းဆောင်းပါး ရေးသားသူများက ဥပဒေရှေ့က တင်ကြို၍ အဆုံးအဖြတ်ပေးနေခြင်းသည် တရားစည်းဘောင်လွတ်နေကြောင်း ထောက်ပြလိုက်ရပါသည်။

လူမှုရေး ရှုထောင့်တစ်ခုတည်းမှ ကြည့်၍ ကောက်ချက်ချသူများ၏ ထင်မြင်ယူဆချက်များ အတွက်မူ ကျွန်တော့်အနေဖြင့် မပြောသာပေ။ ဤဆောင်းပါး နှစ်ပုဒ်၏ ကောက်ချက်များနှင့် Prejudice ( ဥပဒေ ရှေ့က တင်ကြိုအဆုံးအဖြတ်ပေးခြင်း ) တို့ကို လုံးဝ သဘောမတူ စေကာမူ မြန်မာနိုင်ငံရှိ ကျန်းမာရေး စောင့်ရှောက်မှု အရည်အသွေး ပိုမိုကောင်းမွန်လာစေရေးအတွက် တိုက်တွန်းနှိုးဆော်သည်ကိုတော့ လှိုက်လှိုက်လှဲလှဲ ကြိုဆိုပါသည်။ တိုင်းပြည်၏ ကျန်းမာရေး အဆင့်အတန်း မြင့်မားလာစေဖို့ ဆေးဝန်ထမ်းများသာမက ပြည်သူပြည်သားအားလုံးနှင့် သတင်းမီဒီယာများတွင်ပါ တာဝန်ရှိသည် မဟုတ်ပါလား။

ပြန်လှန် ဆွေးနွေးလိုပါက မှတ်ချက်တွင် ရေးသားပေးသွားပါရန် မေတ္တာရပ်ပါသည်။ စီဘောက်စ်တွင် ဆွေးနွေးရ ခက်ခဲသောကြောင့် ဖြစ်ပါသည်။

အာရောဂျံ ပရမံ လာဘံ
တက္ကသိုလ် လှမွန်

Read More...

Thursday, November 19, 2009

Screening Breast Cancer

ရင်သားကင်ဆာ ရှိမရှိ ကြိုတင်စစ်ဆေးခြင်း

အခုရက်ပိုင်း အမေရိကန်နိုင်ငံ ကျန်းမာရေး သတင်းတွေမှာ ရေပန်းစားနေတာကတော့ အမျိုးသမီးများ ရင်သားကင်ဆာ ရှိမရှိ ကြိုတင်စစ်ဆေးခြင်းကို ဘယ်အသက်အရွယ်မှာ စပြီး လုပ်သင့်တယ်၊ ဘယ်လောက်တစ်ခါ လုပ်သင့်တယ် ဆိုတဲ့ ကိစ္စပဲဖြစ်ပါတယ်။ ဒီသတင်းနဲ့ ဆက်ဆိုင်တဲ့ သုတေသန စာတမ်းတွေ၊ ထောက်ခံအကြံပြုချက်တွေကို ပြန်လည် တင်ပြပြီး ဒီအချက်အလက်တွေဟာ မြန်မာနိုင်ငံက အမျိုးသမီးတွေနဲ့ ဘယ်လို ဆက်စပ်နိုင်လည်း ဆိုတာကိုပါ ဆက်လက် ဆွေးနွေးတင်ပြသွားပါမယ်။ ဆွေးနွေးချက်က နည်းနည်းရှည်တော့ အနှစ်ချုပ်ကို အရင်ဖော်ပြပြီး အသေးစိတ် အချက်အလက်တွေကို နောက်ပိုင်းမှာ ဖော်ပြထားပါတယ်။

အနှစ်ချုပ်

အမေရိကန်နိုင်ငံ ကျန်းမာရေးဝန်ကြီးဌာန (U.S. Department of Health and Human Services) ရဲ့ ဌာနခွဲ တစ်ခုဖြစ်တဲ့ ကျန်းမာရေးစောင့်ရှောက်မှု အရည်အသွေး မြှင့်တင်ရေး နဲ့ သုတေသန ဌာနခွဲ (Agency for Healthcare Research and Quality) က အရပ်ဖက် ပညာရှင်များ ပါဝင်တဲ့ အဖွဲ့တစ်ခု (U.S. Preventive Services Task Force) ဖွဲ့စည်းပေးပါတယ်။ ဒီအရပ်ဖက် ပညာရှင်တွေက ကျန်းမာရေးဝန်ကြီးဌာနရဲ့ စွက်ဖက်မှု၊ ကြိုတင်အဖြေထုတ်ပေးမှုတွေ မပါပဲ မိမိတို့ တတ်ကျွမ်းတဲ့ ပညာနဲ့ လွတ်လွတ်လပ်လပ် သုတေသနပြုပြီး ရလဒ်ကို အများပြည်သူ သိရှိရအောင် ထောက်ခံအကြံပြုချက် အနေနဲ့ ၂၀၀၉ ခုနှစ် နိုဝင်ဘာလမှာ အခုလို ထုတ်ပြန်ပါတယ်။
  • အမေရိကန်နိုင်ငံရှိ အသက် ၅၀ မှ ၇၄ နှစ်အတွင်း အမျိုးသမီးများ အားလုံး အနည်းဆုံး ၂ နှစ် ၁ ကြိမ် ရင်သားဓာတ်မှန်ရိုက်ပြီး စစ်ဆေးသင့်သည်။
  • အမေရိကန်နိုင်ငံရှိ အသက် ၄၀ မှ ၄၉ အတွင်းရှိ အမျိုးသမီးများ အနေဖြင့်မူ ပုံမှန် စစ်ဆေးရန်မလို။ အကယ်၍ ရင်သားကင်ဆာ ဖြစ်စေနိုင်သော မျိုးရိုးဗီဇ ရှိပါက ရင်သားဓာတ်မှန် ရိုက်သင့်မရိုက်သင့်ကို ဆရာဝန်နှင့် တိုင်ပင်ပြီး ဆောင်ရွက်သင့်သည်။
  • အမေရိကန်နိုင်ငံရှိ အသက် ၇၅ နှစ်ကျော် အမျိုးသမီးများအတွက်မူ မည်သည့် ထောက်ခံအကြံပြုချက်မျှ မပေးနိုင်သေးပါ။ (သုတေသနပြုချက်များ ပြည့်စုံလုံလောက်မှု မရှိ။)
ဒီလို ထောက်ခံအကြံပြုချက်ဟာ အမေရိကန်နိုင်ငံသူတွေ အတွက်သာ အဓိကဖြစ်လို့ မြန်မာနိုင်ငံသူတွေ အနေနဲ့ ဒီအတိုင်း ထပ်ချပ် ဆောင်ရွက်သင့်တယ်လို့ ပြောဖို့ခက်ပါတယ်။ နောက်တစ်ချက်က ရင်သားဓာတ်မှန်ရိုက်တဲ့ စက်နဲ့ ဓာတ်မှန်ဖတ်တတ်သူက မြို့တိုင်း နယ်တိုင်းမှာ မရှိပါ။ ရောဂါတွေ့လာလျှင် စနစ်တကျ ကုသပေးနိုင်တဲ့ ဆရာဝန်၊ ဆေးရုံများကလည်း အကန့်အသတ်နှင့်သာ ရှိပါတယ်။ ကုန်ကျစရိတ်ကလည်း ထည့်စဉ်းစားစရာ အချက်တစ်ခု ဖြစ်ပါတယ်။ မြန်မာအမျိုးသမီးများကို ကိုယ်စားပြုတဲ့ ရင်သားကင်ဆာဆိုင်ရာ သုတေသန ပြုချက်တွေ ပိုပြီး ထွက်ပေါ်လာစေဖို့နဲ့ သုတေသန တွေ့ရှိချက်တွေကို ပြည်သူအများ သိရှိနိုင်အောင် ချပြ ပြောဆိုဖို့ လိုအပ်ကြောင်း ပြောလိုပါတယ်။

ကင်ဆာ၏ အခြေခံသဘောတရားများ

ကင်ဆာတို့ မည်သည် မျက်စိဖြင့်မမြင်နိုင် လက်ဖြင့် မစမ်းသပ်နိုင်သော အရွယ်အစားလေးမှ တဆင့် စမ်းသပ်နိုင်သည့် အရွယ်အထိ ကြီးထွားလာသည့် သဘောရှိသည်။ ကြီးထွားနှုန်း အနှေးအမြန်မှာ ကင်ဆာ အမျိုးအစား တစ်ခုနှင့် တစ်ခု မတူပေ။ လက်ဖြင့်ကိုင်တွယ် စမ်းသပ်နိုင်သော အဖုအကျိတ်အရွယ်ထိ ကြီးထွားလာနေပြီဆိုလျှင် အတော့်ကို အန္တရာယ်ရှိနေပေပြီ။ တဖန် အခြား ခန္ဓာကိုယ် အစိတ်အပိုင်းများကိုပါ ပြန့်ပွားနေပြီဆိုလျှင် ကင်ဆာရောဂါ အဆိုးဆုံး အခြေအနေကို ရောက်နေပြီဟု ပြောလို့ရနိုင်သည်။

ဘာကြောင့်ကြိုတင်စစ်ဆေးဖို့လိုအပ်တာလဲ

တကယ်လို့များ လက်ဖြင့် စမ်းသပ်နိုင်သည့် အဖုအကျိတ်အရွယ် မရောက်မီကပင် ကင်ဆာကို ရှာဖွေနိုင်ခဲ့ပြီး နည်းမှန်လမ်းမှန် ကုသနိုင်ခဲ့လျှင် အသက်ပိုရှည်နိုင်သည်။ ဒါကြောင့်လည်း ကျန်းမာရေး ပညာရှင်တွေက ကင်ဆာရှိမရှိ ကြိုတင် စစ်ဆေးဖို့ တိုက်တွန်းကြခြင်းဖြစ်သည်။ သို့ရာတွင် ‘ပေါ့စေလိုလို့ ကြောင်ရုပ်ထိုး ဆေးအတွက်လေး’ ဆိုတာမျိုး မဖြစ်ရအောင် ကင်ဆာရှိမရှိ ကြိုတင်စစ်ဆေးသည့် နည်းလမ်းများကြောင့် ဖြစ်လာနိုင်သည့် အန္တရာယ်များကိုလည်း ထည့်တွက်သင့်သည်။

အမျိုးသမီးများ နှင့် ရင်သားကင်ဆာ

ရင်သားကင်ဆာသည် အမျိုးသမီးများတွင်သာ ဖြစ်နိုင်သလော။ မဟုတ်ပါ။ အမျိုးသားများတွင်လည်း ဖြစ်နိုင်ပါသည်။ သို့ရာတွင် ကမ္ဘာပေါ်၌ ကင်ဆာကြောင့် သေဆုံးသူ အမျိုးသမီးများ အနက် ရင်သားကင်ဆာက အဓိက တရားခံဖြစ်သည်။ အမျိုးသားများ အတွက်မူ လည်ချောင်းနှင့် အဆုတ်ကင်ဆာများက ဒုက္ခအပေးဆုံးပင်။ (WHO global burden of disease)

ရင်သားကင်ဆာ ကြိုတင်စစ်ဆေးနည်းများ

အဓိက စစ်ဆေးနည်း ၅ မျိုးမှာ -
  1. သံလိုက်အားသုံး ဓာတ်မှန် – Magnetic Resonance Imaging (MRI)
  2. ရင်သား ဓာတ်မှန် – Film Mammography
  3. ရင်သား ဒစ်ဂျစ်တယ် ဓာတ်မှန် – Digital Mammography
  4. ဆရာဝန် စမ်းသပ်ခြင်း - Clinical Breast Examination
  5. မိမိကိုယ်တိုင် စမ်းသပ်ခြင်း - Breast Self Examination
အခုလို ကြိုတင်စစ်ဆေးနည်းမှာ ဘယ်ဟာက ပိုသာလဲ ဆိုတာကို တွေ့ရှိနိုင်စွမ်း (sensitivity) နဲ့ တိကျမှု (specificity) ဆိုတဲ့ အချက် နှစ်ချက် နဲ့တိုင်းပါတယ်။

ကြိုတင်စစ်ဆေးနည်း တစ်ခုရဲ့ ‘တွေ့ရှိနိုင်စွမ်း’ ဆိုတာဟာ ကင်ဆာရှိနေသူ လူ ၁၀၀ ကို စစ်ဆေးကြည့်လိုက်လို့ အဲဒီအထဲက ဘယ်နှစ်ယောက်ကို ကင်ဆာရှိနေပါတယ် လို့ မှန်မှန်ကန်ကန် အဖြေထွက်လဲ ဆိုတာကို ကြည့်ခြင်း ဖြစ်ပါတယ်။ ဥပမာ ပေးရရင် ဗေဒင်ဆရာ တစ်ယောက်ကို ဗေဒင်သွားမေးတယ် ဆိုပါစို့။ ခင်ဗျားအိမ်မှာ သရက်ပင် ရှိတယ်လို့ ဟောတယ်။ အိမ်မှာ သရက်ပင်ရှိတဲ့ မေးသူ ၁၀၀ မှာ ဘယ်နှစ်ယောက်ကို မှန်အောင် ဟောနိုင်လဲ ဆိုတာ ‘တွေ့ရှိနိုင်စွမ်း’ ပါပဲ။ သတိချပ်ဖို့က တချို့မေးသူတွေအိမ်မှာ သရက်ပင်ရှိပေမယ်လို့ ဗေဒင်ဆရာက သရက်ပင်ရှိတယ်လို့ မဟောလိုက်နိုင်ဘူး။ (မသိတဲ့ အခါလည်း မသိဘူးပေါ့)

‘တိကျမှု’ ဆိုတာကျတော့ ကြိုတင်စစ်ဆေးနည်း အဖြေက ကင်ဆာ ရောဂါရှိတယ် လို့ အဖြေထွက်ပေမယ့် တကယ်တန်း လက်တွေ့မှာ အဲဒီလူအားလုံး ရောဂါရှိနေတာ မဟုတ်ပါ။ တချို့တလေမှာ ရောဂါ မရှိပါပဲနဲ့ ကြိုတင်စစ်ဆေးနည်းက ရောဂါရှိပါတယ်လို့ အဖြေထွက်လာတာမျိုး ဖြစ်တတ်ပါတယ်။ ဥပမာ နဲ့ ရှင်းပြရရင် ဗေဒင်ဆရာက တစ်နှစ်အတွင်း ထီပေါက်မယ်လို့ ဟောလိုက်တယ်။ အဲဒီလို ထီပေါက်မယ်လို့ အဟောခံရတဲ့ လူ ၁၀၀ မှာ ဘယ်နှစ်ယောက်က တစ်နှစ်အတွင်း တကယ် ထီပေါက်သလဲ ဆိုတာဟာ ‘တိကျမှု’ ဖြစ်ပါတယ်။ သတိချပ်ဖို့က ထီပေါက်မယ် အဟောခံရတိုင်း ပေါက်ချင်မှ ပေါက်တာ။ (မှားတဲ့အခါလည်း မှားပေမပေါ့)

အထက်မှာ ဖော်ပြခဲ့တဲ့ နည်းလမ်း ၅ မျိုးရဲ့ တွေ့ရှိနိုင်စွမ်း၊ တိကျမှုနဲ့ အမေရိကန်နိုင်ငံက ကုန်ကျစရိတ် ကို ဇယားနဲ့ ဖော်ပြလိုက်ပါတယ်။
စဉ်နည်းလမ်းတွေ့ရှိနိုင်စွမ်းတိကျမှုကုန်ကျစရိတ်
၁။သံလိုက်အားသုံး ဓာတ်မှန်၇၁ - ၁၀၀%၈၁ - ၉၁%ဒေါ်လာ ၃၆၀၀ + စမ်းသပ်ခ
၂။ရင်သား ဓာတ်မှန်၇၇ - ၉၅%၉၄ - ၉၇% ဒေါ်လာ ၈၅ + စမ်းသပ်ခ
၃။ရင်သား ဒစ်ဂျစ်တယ် ဓာတ်မှန်၇၇ - ၉၅%၉၄ - ၉၇%ဒေါ်လာ ၁၃၅ + စမ်းသပ်ခ
၎။ဆရာဝန် စမ်းသပ်ခြင်း၄၀ - ၆၉%၈၈ - ၉၉%စမ်းသပ်ခ
၅။မိမိကိုယ်တိုင် စမ်းသပ်ခြင်း၁၂ - ၄၁%--

ရာခိုင်နှုန်းတွေကို နမူနာ ရှင်းပြရမယ် ဆိုရင် -

ရင်သားဓာတ်မှန်ရဲ့ ကင်ဆာ တွေ့ရှိနိုင်စွမ်း ၇၇ မှ ၉၅% ဆိုတာ၊ တကယ်တန်း ကင်ဆာ ရောဂါရှိတဲ့ အမျိုးသမီး ၁၀၀ ကို ရင်သားဓာတ်မှန် ရိုက်ကြည့်ရင် ၇၇ ယောက်ကနေ ၉၅ ယောက်လောက်အထိရဲ့ ဓာတ်မှန်မှာ ကင်ဆာသဏ္ဍန်ကို တွေ့နိုင်ပါမယ်။ ဒါပေမယ့်လည်း ခန့်မှန်းချေ ၅ ယောက်ကနေ ၂၃ ယောက်လောက်ကတော့ ရောဂါရှိနေလျက်နဲ့ ဓာတ်မှန်မှာ ရောဂါ တွေ့မှာ မဟုတ်ပါဘူး။ တနည်း ပြောရရင် ဓာတ်မှန်မှာ ကင်ဆာ မတွေ့ဘူးဆိုတိုင်း ကင်ဆာ မရှိဘူးလို့ တတ်အပ် ပြောလို့ မရပါ။

တစ်ခါ တိကျမှု ၉၄ မှ ၉၇% ဆိုတာ ရင်သားဓာတ်မှန်မှာ ကင်ဆာသဏ္ဍန်တွေ့တဲ့ အမျိုးသမီး ၁၀၀ မှာ ၉၄ ယောက်ကနေ ၉၇ ယောက်လောက် အထိက တကယ် ကင်ဆာ ရှိကြပါတယ်။ တနည်း ပြောရရင် ဓာတ်မှန်မှာ ကင်ဆာ တွေ့တိုင်းလည်း ကင်ဆာ ရှိနေပြီလို့ သေချာပေါက် ပြောလို့ မရပါ။

ဒါဆို သေချာအောင် ဘယ်လို လုပ်ရမလဲ။

ရင်သားဓာတ်မှန်ရိုက်လို့ ကင်ဆာ သဏ္ဍန် တွေ့တယ်ဆိုရင် အဲဒီ ကင်ဆာ ဖြစ်နေတယ်လို့ သံသယရှိတဲ့ နေရာက အသားစ နမူနာယူပြီး ဓာတ်ခွဲ စစ်ဆေးရပါမယ်။ အဲဒါမှ ကင်ဆာရှိမရှိ ပိုပြီး သေသေချာချာ သိနိုင်မှာ ဖြစ်ပါတယ်။

ရင်သားဓာတ်မှန်ရိုက်လို့ ကင်ဆာ သဏ္ဍန် မတွေ့ရင်လည်း နောက် ၂ နှစ်နေရင် တစ်ခါ ပြန်ရိုက်သင့်ပါတယ်။

ရင်သားဓာတ်မှန်ရိုက်ပုံရိုက်နည်းနမူနာ

အောက်ပါ ယူကျု ဗွီဒီယိုကို ကြည့်ရှုလေ့လာနိုင်ပါတယ်။



ဘယ်အသက်အရွယ်မှာ စပြီးတော့ ရင်သားဓာတ်မှန် ရိုက်သင့်လဲ

အမေရိကန်နိုင်ငံ ကျန်းမာရေးဝန်ကြီးဌာနရဲ့ ဌာနခွဲ တစ်ခုဖြစ်တဲ့ ကျန်းမာရေးစောင့်ရှောက်မှု အရည်အသွေး မြှင့်တင်ရေး နဲ့ သုတေသန ဌာနခွဲ က အရပ်ဖက် ပညာရှင်များ ပါဝင်တဲ့ အဖွဲ့တစ်ခု ဖွဲ့စည်းပေးပါတယ်။ ဒီအရပ်ဖက် ပညာရှင်တွေက ကျန်းမာရေးဝန်ကြီးဌာနရဲ့ စွက်ဖက်မှု၊ ကြိုတင်အဖြေထုတ်ပေးမှုတွေ မပါပဲ မိမိတို့ တတ်ကျွမ်းတဲ့ ပညာနဲ့ လွတ်လွတ်လပ်လပ် သုတေသနပြုပြီး ရလာဒ်ကို အများပြည်သူ သိရှိရအောင် ထောက်ခံအကြံပြုချက် အနေနဲ့ ထုတ်ပြန်ပါတယ်။

ဒီနေရာမှာ ဆက်ဆိုင်လို့ ထောက်ခံအကြံပြုချက် (Recommendation) ရဲ့ အဓိပ္ပါယ်ကို ရှင်းချင်ပါတယ်။ ထောက်ခံအကြံပြုချက်ဆိုတာ ဥပဒေနဲ့ မတူပါဘူး။ လိုက်လုပ်လည်း ရတယ်။ မလုပ်ချင်လည်း ရတယ်။ ကင်ဆာဆရာဝန် သို့မဟုတ် ခွဲစိတ်ဆရာဝန်က ကိုယ့်သမ္ဘာ နဲ့ကိုယ် ဆုံးဖြတ်ပြီး ပညာရှင်တွေရဲ့ ထောက်ခံအကြံပြုချက်ကို မလိုက်နာပဲ ကုပေးတာကို ဘယ်သူကမှ လာပြီး အပြစ်ပေးလို့ မရပါ။ ဘယ် ရဲ ကမှလည်း စောင့်ကြည့်မနေပါ။

ဒါပေမယ့် ဘာသာရပ်ပိုင်းဆိုင်ရာ (ဒီကိစ္စမှာ ရင်သားကင်ဆာ ဆိုင်ရာ) တတ်ကျွမ်းတဲ့ ပညာရှင်တွေက ဒီလို ဒီလိုတော့ဖြင့် လုပ်သင့်ပါတယ် ပြောထားလျက်နဲ့ ကိုယ်က လိုက်မလုပ်ဖြစ်ခဲ့လို့ လူနာမှာ တစ်ခုခု နစ်နာ ဆုံးရှုံးသွားရမယ် ဆိုရင်တော့ နစ်နာမှုနဲ့ တရားစွဲတာ ခံရနိုင်ပါတယ်။ နောက်ပိုင်းကိစ္စကတော့ တရားခွင်မှာ ဆက်ရှင်းပေါ့။

အရပ်ဖက်ပညာရှင်အဖွဲ့ဆိုတာမျိုးက အခုမှ ပေါ်လာတာ မဟုတ်ပါ။ ၁၉၈၄ ခုနှစ်လောက် ကတည်းက ရှိခဲ့တဲ့ အဖွဲ့ဖြစ်ပါတယ်။ အဖွဲ့ဝင်တွေ ပြောင်းရင်သာ ပြောင်းသွားမယ် လွတ်လွတ်လပ်လပ် လုပ်ငန်းဆောင်ရွက်နိုင်မှု သဘောတရားကတော့ မပြောင်းပါ။ ရင်သားဓာတ်မှန်ရိုက်ပြီး ရင်သားကင်ဆာ ရှာဖွေကြည့်ခြင်း ဆိုင်ရာ ထောက်ခံအကြံပြုချက်ကို ၂၀၀၂ ခုနှစ်တုန်းက ဒီအဖွဲ့ကပဲ ပြောခဲ့ဖူးပါတယ်။ အခုတော့ သုတေသန တွေ့ရှိချက် အသစ်တွေပေါ် အခြေခံပြီး ၂၀၀၉ ခုနှစ် ထောက်ခံအကြံပြုချက်ကို ထုတ်တာပါ။ ဘာတွေကွာခြားလဲ ဆိုတာ နှိုင်းယှဉ်ကြည့်ရအောင်။

အမျိုးသမီးများ၏ အသက်၂၀၀၂၂၀၀၉
၄၀ - ၄၉ နှစ်၁ နှစ် (သို့) ၂ နှစ် လျှင် တစ်ကြိမ်နှုန်းဖြင့် ရင်သားဓာတ်မှန် ရိုက်သင့်သည်။ရင်သားဓာတ်မှန် ပုံမှန် ရိုက်စရာမလို။ လူတစ်ဦးချင်း အနေအထားပေါ် မူတည်၍ ဆရာဝန်နှင့် တိုင်ပင်ကာ လိုအပ်မှ ရိုက်သင့်သည်။
၅၀ - ၇၄ နှစ်၁ နှစ် (သို့) ၂ နှစ် လျှင် တစ်ကြိမ်နှုန်းဖြင့် ရင်သားဓာတ်မှန် ရိုက်သင့်သည်။၂ နှစ် ၁ ကြိမ်နှုန်းဖြင့် ရင်သားဓာတ်မှန် ရိုက်သင့်သည်။
၇၅ နှစ် အထက်၁ နှစ် (သို့) ၂ နှစ် လျှင် တစ်ကြိမ်နှုန်းဖြင့် ရင်သားဓာတ်မှန် ရိုက်သင့်သည်။သုတေသနပြုချက်များ လုံလောက်မှုမရှိသဖြင့် အတတ်မပြောနိုင်။

၂၀၀၉ ထောက်ခံအကြံပြုချက်မှာ ပါတဲ့ နောက်အချက် တစ်ခုကတော့ MRI, Digital Mammography နဲ့ ဆရာဝန် စမ်းသပ်တာတွေ အတွက်ကိုတော့ မည်သို့မျှ မပြောလိုကြောင်း၊ သုတေသန ပြုချက်များ မလုံလောက်ကြောင်း ပါရှိပါတယ်။ ‘မိမိကိုယ်တိုင်စမ်းသပ်ခြင်း’ နည်းလမ်းကိုတော့ ကြိုတင်စစ်ဆေးမှုအတွက် အသုံးမပြုသင့်ကြောင်း ပြောထားပါတယ်။

ဘာကြောင့် ဒီလို ထောက်ခံအကြံပြုသလဲ

ရင်သားကင်ဆာကြောင့် အသက်သေဆုံးရမှု လျှော့ကျစေဖို့ကို အဓိကရည်ရွယ်ပြီး ဒီလို ထောက်ခံအကြံပြုတာဖြစ်ပါတယ်။

သူတို့ ဘယ်လိုသိသလဲ

အမေရိကန် အရပ်ဖက် ပညာရှင်အဖွဲ့က အခြားသုတေသီတွေ လုပ်ဆောင်ခဲ့သမျှတွေကို စနစ်တကျ လေ့လာပြီး အနှစ်ချုပ်ရလဒ်ကို ကြည့်ပါတယ်။ နောက်ပြီးတော့ အမေရိကန်နိုင်ငံသူတွေရဲ့ ရင်သားကင်ဆာ ဖြစ်ပွားနှုန်း၊ ရောဂါအပြင်းအပျော့၊ ကင်ဆာကြောင့် သေဆုံးမှုနှုန်း စတဲ့ အချက်အလက်တွေကို ကွန်ပျူတာထဲ ထည့်သွင်းပြီး ဘယ်အသက်အရွယ်မှာ ရင်သားဓာတ်မှန် ရိုက်တာက ရင်သားကင်ဆာကြောင့် သေဆုံးမှုနှုန်းကို လျှော့ချပေးနိုင်လဲ ဆိုတာကို ဆန်းစစ်ပါတယ်။

ဒီဆန်းစစ်ချက်တွေအရ အသက် ၅၀ ကနေ ၆၉ နှစ်အတွင်း ရှိ အမျိုးသမီးများကို ၂ နှစ် ၁ ကြိမ် ရင်သားဓာတ်မှန် ရိုက်တာက ရင်သားကင်ဆာကြောင့် သေဆုံးမှုနှုန်းကို ၁၅ ရာခိုင်နှုန်းခန့် လျှော့ချနိုင်ပြီး၊ မလိုအပ်ပဲ အသားစယူခံရမှု အနည်းဆုံး ဆိုတာ တွေ့ပါတယ်။ အသက် ၄၀ နဲ့ ၅၀ ကြား အမျိုးသမီးတွေကိုပါ ၂ နှစ် ၁ ကြိမ် ရင်သားဓာတ်မှန် ရိုက်ပြီး စစ်ဆေးမယ် ဆိုရင်တော့ ရှားရှားပါးပါး တစ်ယောက် တစ်လေရဲ့ အသက်ကို ထပ်ပြီး ကယ်တင်ကောင်း ကယ်တင်နိုင်ပါမယ်။ ဒီလို အသက်တစ်ချောင်း ကယ်တင်နိုင်ဖို့အတွက် လူ ၁၃၀၀ လောက်ကို ရင်သားဓာတ်မှန် ရိုက်ပြီးစစ်ဆေးဖို့ လိုပါမယ်။ ရင်သားဓာတ်မှန် ၁၂၉၉ ကြိမ် (တန်ဖိုးအားဖြင့် ဒေါ်လာ ၁ သိန်း ၃ သောင်းဖိုးလောက်) က အပိုရိုက်ရသလို ဖြစ်နေတယ်။ အကြမ်းဖျင်း ပြောကြေးဆိုရင် အသက်တစ်ချောင်းက ဒေါ်လာ ၁ သိန်း ၃ သောင်း တန်တယ် ဆိုပါစို့ရဲ့။ စာရှုသူဆိုရင် ဘယ်လို ဆုံးဖြတ်မလဲ။

ဆွေးနွေးချက်

ဒီ ထောက်ခံအကြံပြုချက် ထွက်ပေါ်အပြီးမှာ အမေရိကန် ရုပ်မြင်သံကြားတွေက ရင်သားကင်ဆာ ဝေဒနာရှင် အမျိုးသမီး တစ်ချို့နဲ့ တွေ့ဆုံပါတယ်။ ကာယကံရှင်တွေ ပြောတာက သူတို့တွေ အသက် ၄၀ ကျော် ၅၀ မတိုင်မီအရွယ်တုန်းက ရင်သားဓာတ်မှန် ရိုက်လိုက်မိလို့သာ ကင်ဆာကို စောစောတွေ့ပြီး အသက်ရှင်နိုင်တာပါတဲ့။ မှန်ပါတယ်။ တစ်ဦးချင်း အနေနဲ့ ဒီလို အတွေ့အကြုံမျိုးကတော့ ရှိမှာပါပဲ။ ဒါပေမယ့်လည်း ရုပ်မြင်သံကြားမှာ တွေ့ဆုံမေးမြန်း ခံရတဲ့ အမျိုးသမီး တစ်ယောက် ရှိရင်၊ သူ့လိုပဲ အသက် ၅၀ မတိုင်ခင် ရင်သားဓာတ်မှန် ရိုက်ပြီး ကင်ဆာမရှိပါပဲ ကင်ဆာရှိတယ်လို့ မှားပြီး သတ်မှတ်ခံရတဲ့ အမျိုးသမီးက ၈၈ ယောက် ရှိနေပါလိမ့်မယ်။ အဲဒီ ၈၈ ယောက်မှာတော့ မလိုအပ်ပဲ အသားစယူ စစ်ဆေးတာ ခံခဲ့ရမှာပါ။ ဒီလို မှားယွင်းပြီး အသားစယူခံရတဲ့ အမျိုးသမီး တွေကိုတော့ ရုပ်မြင်သံကြားတွေက တွေ့ဆုံမေးမြန်းခြင်း မပြုပါဘူး။

အခု ထောက်ခံအကြံပြုချက်ဟာ သိပ္ပံနည်းကျ စနစ်တကျ သုတေသနပြုပြီး ရလာတဲ့ အချက်အလက်တွေပေါ်မှာ အခြေခံ ရေးသားထားတာ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း နိုင်ငံတစ်နိုင်ငံရဲ့ ကျန်းမာရေး ပေါ်လစီ ချမှတ်တဲ့ အခါမှာ သိပ္ပံနည်းကျတာ မကျတာ တစ်ချက်တည်းနဲ့ ဖြစ်ချင်မှ ဖြစ်ပါတယ်။ ဥပဒေပြု အမတ်တွေကို ရွေးကောက်တင်မြှောက်ထားတဲ့ ပြည်သူလူထုက မကြိုက်ရင် သိပ္ပံနည်း ဘယ်လို ကျနေနေ အမတ်တွေ ဘာမှ မတတ်နိုင်ပါဘူး။

နောက်တစ်ချက်က ရင်သားဓာတ်မှန်ကြောင့် အကျိုးဖြစ်နေသူတွေ (ဥပမာ ဓာတ်မှန်စက် တီထွင်သူတွေ၊ ဓာတ်မှန်စက် ထောင်သူတွေ၊ ဓာတ်မှန် ဆရာဝန်တွေ) လည်း အများအပြားရှိသေးတော့ သူတို့ရဲ့ အမြင်တွေကလည်း ဥပါဒါန် မကင်းနိုင် ဖြစ်တတ်ပါတယ်။

နောက်ဆုံး လူတွေ မပြောချင်ကြပေမယ့် မပြောမဖြစ်ပြောရမယ့် ကိစ္စက ငွေရေးကြေးရေးပါ။ ‘ငွေဘယ်လောက်ကုန်ကုန် ကုလိုက်မယ်’ ဆိုတာ စကားအဖြစ်သာ ရှိပါတယ်။ တကယ်တန်းမှာ မိသားစုတိုင်း၊ မိသားစုတိုင်း ငွေကြေးတတ်နိုင်မှုပေါ် မူတည်ပြီး ကျန်းမာရေး စောင့်ရှောက်မှုအတွက်ကို သုံးကြရပါတယ်။ နိုင်ငံတစ်နိုင်ငံမှာလည်း ဒီအတိုင်းပါပဲ။ တိုင်းပြည်က ဘယ်လောက် ချမ်းသာနေလဲ၊ ကျန်းမာရေးအတွက် ဘယ်လောက် ငွေအကုန်ခံနေလဲ ဆိုတဲ့ အချက်တွေဟာ အရေးကြီးတဲ့ အချက်တွေပါ။

မြန်မာအမျိုးသမီးများနဲ့ ဘယ်လို သက်ဆိုင်မလဲ

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ရဲ့ သုံးသပ်ချက်အရကတော့ အရှေ့တောင်အာရှ နိုင်ငံတွေမှာ ရင်သားကင်ဆာဟာ အမျိုးသမီးတွေအတွက် ဒုတိယ ဒုက္ခအပေးဆုံး ဖြစ်ပါတယ်တဲ့။ ဒီလိုဆိုတော့ အရှေ့တောင်အာရှထဲမှာ ပါတဲ့ မြန်မာနိုင်ငံက အမျိုးသမီးတွေအတွက်လည်း အရေးကြီးတာပေါ့။

မြန်မာနိုင်ငံအနေနဲ့ ရင်သားကင်ဆာ ကြိုတင်စစ်ဆေးခြင်း ကိစ္စကို တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ လုပ်ဆောင်နိုင်နေပြီလို့တော့ မကြားမိသေးပါ။ စာရေးသူတို့ ဆေးကျောင်းသား ဘ၀ကများဆိုရင် ရင်သားကင်ဆာ ဝေဒနာရှင်တွေဟာ အဖုအကျိတ် အတော်ကြီးကို ကြီးမှ ဆေးရုံရောက်လာကြတာတွေ ရှိပါတယ်။ ရောဂါကျွမ်းမှ ရောက်လာတာပေါ့။ ကုသရလည်း ခက်ခဲသွားပြီး အသက်ရှင်ဖို့လည်း မလွယ်တော့ပါ။

ဒီနေ့ ဒီအချိန်မှာတော့ မြို့ကြီးတွေမှာ ရင်သားဓာတ်မှန် ရိုက်လို့ ရနေပါပြီ။ ဒါပေမယ့် မြို့တိုင်းမှာတော့ မရသေးပါ။ ကျန်းမာရေး ဗဟုသုတရှိသူ ဆေးရုံဆေးခန်းနဲ့ နီးစပ်သူများကတော့ ရင်သားဓာတ်မှန် ရိုက်ဖို့ ဆရာဝန်နဲ့ တိုင်ပင်တာတွေ ရှိလာနေပါပြီ။ တစ်ဖက်မှာလည်း ရင်သားဓာတ်မှန်ရိုက်တယ် ဆိုတာကို ဘာမှန်း မသိသူများလည်း ရှိပါသေးတယ်။ အရွယ်ရောက်တဲ့ မြန်မာ အမျိုးသမီးတိုင်း ရင်သားကင်ဆာ ဗဟုသုတ ရှိနေဖို့ အတော်အားထုတ် လုပ်ဆောင်ရပါဦးမယ်။

ဖော်ပြပါ သုတေသန ပြုချက်တွေဟာ အမေရိကန် အမျိုးသမီးတွေကို အဓိကထား စဉ်းစားထားတာဖြစ်လို့ မြန်မာအမျိုးသမီးတွေမှာ လည်း ဒီလိုအခြေအနေရှိမယ်လို့ တပ်အပ် မပြောနိုင်ပါ။ မြန်မာအမျိုးသမီးများမှာ ရင်သားကင်ဆာ ဖြစ်ပွားမှုနှုန်း၊ ရောဂါအမျိုးအစား၊ အနုအရင့် စတာတွေကို သိရှိနိုင်ဖို့ သုတေသန ပြုချက်တွေ လိုပါမယ်။

ကဲ စာရေးသူရေ ဝေ့၀ိုက်မနေပါနဲ့ မြန်မာအမျိုးသမီးတွေကို ဘယ်လို အကြံပေးမလဲ ဆိုရင်တော့ …
  • အသက် ၄၀ ကျော်ပြီး မိသားစု (မိခင်၊ အဒေါ်၊ ညီမ၊ အစ်မ) မှာ ရင်သားကင်ဆာ ဖြစ်ဖူးရင်
  • အသက် ၄၀ ကျော်ပြီး ရင်သားမှာ နဂိုကမရှိတဲ့ အဖုအကျိတ် ရှိလာပြီလို့ သံသယရှိရင်
  • အသက် ၅၀ ကျော်ပြီး ရင်သားဓာတ်မှန် ရိုက်ဖို့ အဆင်ပြေရင် (မိမိနေတဲ့မြို့မှာ ရင်သားဓာတ်မှန် ရိုက်လို့ရရင်)


နီးစပ်ရာ တတ်ကျွမ်းနားလည်တဲ့ ဆရာဝန်များနဲ့ တိုင်ပင်ပြီး ရင်သားဓာတ်မှန် ရိုက်ကြည့်သင့်ပါတယ်။ တစ်ဆက်တည်း ၂ နှစ် ၁ ကြိမ် ပုံမှန် စစ်ဆေးဖို့ရာလည်း တိုက်တွန်းလိုက်ပါတယ်။

သိချင် ဆွေးနွေးချင်တာများရှိရင် မှတ်ချက်မှာ ရေးသားပေးခဲ့ပါ။ စီဘောက်မှာ ဆွေးနွေးရတာ အဆင်မပြေလို့ပါ။

အာရောဂျံ ပရမံ လာဘံ
တက္ကသိုလ် လှမွန်

စာကိုး။

Mandelblatt et al. Effects of Mammography Screening Under Different Screening Schedules: Model Estimates of Potential Benefits and Harms. Ann Intern Med. 2009;151:738-747.

Nelson et al. 2009. Screening for Breast Cancer: An Update for the U.S. Preventive Services Task Force. Ann Intern Med. 2009;151:727-737.

Screening for Breast Cancer: U.S. Preventive Services Task Force Recommendation Statement. U.S. Preventive Services Task Force*. 2009. Ann Intern Med. 2009;151:716-726.

U.S. Preventive Services Task Force’s recommendation on Screening for Breast Cancer. 2002. Retrieved from http://www.ahrq.gov/clinic/pocketgd09/gcp09s2.htm#BreastScreening on November 19, 2009.

U.S. Preventive Services Task Force’s recommendation on Screening for Breast Cancer. 2009. Retrieved from http://www.ahrq.gov/clinic/uspstf/uspsbrca.htm on November 19, 2009.

WHO. 2006. Global disease burden 2004 update.

Read More...

Tuesday, November 10, 2009

History that my emails told

၁၀၊ ၁၁၊ ၂၀၀၉


အီးမေးလ်များက ပြောသော သမိုင်း


စာရေးသူရဲ့ အီးမေးလ်တွေနဲ့ ဆက်စပ်ပြီး ဇာတ်လမ်းဆင်ကြည့်တော့ ဒီလို သမိုင်းကြောင်းလေး တစ်ခုထွက်လာတယ်။

၁၉၉၈

နေရာက ရန်ကုန်မြို့ရှိ အန်ဂျီအို ရုံးခန်းတစ်ခု။

"တိန်တောင် ... တိန်တောင် ... တိန်တိန်တိန် ... တွိတွိ ..."

ဘော့စ် အခန်း အလုပ်စားပွဲက တယ်လီဖုန်းနဲ့ ကွန်ပျူတာကြားမှာ ဆက်ထားတဲ့ ဟာလေးဆီက မြည်နေတဲ့ အသံကို တအံ့တသြနဲ့ နားထောင်ရင်း အီးမေးလ် ဆိုတာနဲ့ စတင်ရင်းနှီးခဲ့ပါတယ်။ အဲဒီတုန်းက မြန်မာတယ်လီပို့ ဆိုတာဝေးလို့ ပုဂံလည်း မရှိသေးဘူး၊ ဇလုံလည်း မရှိသေးဘူး။ ဂျီတောက်တို့ ရာဟု မစိန်ကြာတို့ဆို ခေတ်ပေါ် သိပ္ပံကားတွေမှာတောင် မရှိသေးဘူး။ ရန်ကုန်မှာ လင်းယုန်လို့ အမည်ရတဲ့ အီးမေးလ် ကုမ္ပဏီတစ်ခုပဲ ရှိသေးတယ်။ ဒါကလည်း “နလမ” နဲ့ခွင့်ပြုထားတာဆိုပဲ။ အင်တာနက်က လုံးဝမရသေး။ အီးမေးလ်မှ အီးမေးလ် စစ်စစ်ပဲရတာ။ ဒိုင်လ်အပ် နဲ့ပေါ့။ ရုံးတစ်ရုံးလုံးမှာမှ အီးမေးလ် အကောင့်က တစ်ခုတည်းရယ်။ အဲဒီတော့ ဘော့စ်အတွက်ပဲပေါ့။

ကျောင်းလျှောက်ဖို့လို ကိုယ်ရေးကိုယ်တာ ကိစ္စတွေကို သုံးချင်ရင် Summit Park View လို ဟိုတယ်ကြီးတွေကိုသွားပြီး အီးမေးလ် တစ်စောင် ဖက်အီးစီ ၁ ဒေါ်လာနှုန်းနဲ့ ပို့ရ၊ လက်ခံရလေတယ်။ အ၀င်အီးမေးလ်ကို သူတို့က ပရင့်ထုတ်ထားပြီး စာရေးသူဆီကို ဖုန်းဆက်အကြောင်းကြားပေးတယ်။ လျှို့ဝှက်မှုဆိုတာ ဂျိုနဲ့လားပေါ့။ အဲဒီခေတ်ကြီးက ၂၀၀၀ ခုနှစ်လောက်အထိကြာတယ်။

၂၀၀၀

ကံကောင်းချင်တော့ ၂၀၀၀ ခုနှစ်မှာပဲ သင်တန်းတစ်ခု တက်ဖို့ ပြည်ပထွက်ရင်း ယာဟူး အီးမေးလ် အကောင့်တစ်ခု ရခဲ့ပါတယ်။ တစ်လလောက်သုံးလိုက်ရပြီး ရန်ကုန်ပြန်ရောက်တော့ ဒုံရင်းဒုံရင်းပဲ ကိုယ်ရေးကိုယ်တာတွေကို Summit မှာ အီးမေးလ် သွားပို့နေရပြန်ရော။

၂၀၀၁

၂၀၀၁ ရောက်တော့ ကုလသမဂ္ဂ လက်အောက်ခံ အဖွဲ့အစည်း တစ်ခုမှာ အလုပ်ရပါတယ်။ ကွန်ပျူတာတစ်လုံး နဲ့ ရုံးသုံး အီးမေးလ်အကောင့်တစ်ခု ကိုယ့်နာမည်နဲ့ရတယ်။ တယ်ဟုတ်ပါလားပေါ့။ အင်တာနက်ကတော့ ရုံးက ကွန်ပျူတာ ဌာနမှာ သွားပြီး သုံးရတယ်။ ပုဂံဆိုက်ဘာတက် လည်းပေါ်လာပြီ။ လူတိုင်းတော့ မရသေးဘူး။

၂၀၀၂

ဦးစမှာ ဘွဲ့လွန်တက်ခွင့်ရတယ်။ ကျောင်းမဖွင့်ခင် တစ်ပတ်လောက် စောရောက်တော့ ဘာလုပ်ရမှန်းမသိ ယောင်နနနဲ့။ ဦးစမှာက အင်တာနက် ကဖေးလည်း ဗန်ကောက်မှာလို ဖောချင်းသောချင်း မဟုတ်တော့ ဘာလုပ်လို့ လုပ်ရမှန်းမသိဘူး။ အင်တာနက်ကို တီထွင်တဲ့နိုင်ငံ ဆိုက်ဘာကဖေးတောင် ဗန်ကောက်လို မပေါပါလားလို့ အထင်သေးနေမိသေးတယ်။ နောက်တော့မှာ စာကြည့်တိုက်မှာ အင်တာနက် အလကားသုံးလို့ရမှန်း သိသွားပြီး အရင် ဖွင့်ထားဖူးတဲ့ ယာဟူး အီးမေးလ်ကို ပြန်အသက်သွင်းပြီး အီးမေးလ်ရှိတဲ့ မိတ်ဆွေ သူငယ်ချင်းတွေဆီ ဆက်သွယ်ရတယ်။ ကျောင်းဖွင့်တာနဲ့ ကျောင်းသားကဒ်နဲ့အတူ ကိုယ်ပိုင် အီးမေးလ် တစ်ခု ရပါတယ်။ ယာဟူးကတော့ သုံးမြဲပေါ့။

၂၀၀၃

ကျောင်းပြီးလို့ မြန်မာပြည်ပြန်တော့ ၂၀၀၁ အနေအထားကို ပြန်ရောက်သွားပါတယ်။ ဒါပေမယ့် ဒီအချိန်မှာတော့ ရုံးစားပွဲပေါ်က ကွန်ပျူတာမှာ ပုဂံကပေးတဲ့ အင်တာနက် ရနေပါပြီ။ မေးလ်ဖော်ယူ လည်း ခေတ်စားစပြုလာပြီ။ Summit Park View ကိုရောက်ရင် အီးမေးလ် သွားယူနေကျ သူတို့ရုံးခန်းရှေ့ကနေ ကိုယ်နဲ့ပဲ ဘာမှ မပတ်သက်ခဲ့ဘူးသလို ဖြတ်လျှောက်တတ်နေပြီ။

၂၀၀၄

ဦးစကို နောက်တစ်ခေါက် ရောက်ရပြန်လေတယ်။ အခြေအနေကတော့ သိပ်ပြီး မထူးခြားလှပါ။ အရင်ကရှိတဲ့ ယာဟူး၊ ကျောင်း အီးမေးလ်တွေ ပြန်အသက်သွင်းပြီး သုံးရတာပေါ့။

၂၀၀၅

အဲဒီတုန်းက ဂျီမေးလ်က တစ်ယောက်ယောက် ဖိတ်မှ ဖွင့်လို့ရတာ။ လူတစ်ယောက်ကို သုံးဦးပဲ ဖိတ်ခွင့်ရှိတယ်။ စာရေးသူရဲ့ ဆရာတစ်ယောက်က ဂျီမေးလ်ဖွင့်ဖို့ ဖိတ်စာပို့ပေးတယ်။ ဒီလိုနဲ့ ဇန္န၀ါရီလ ၉ ရက် ၂၀၀၅ ခုမှာတော့ ဂျီမေးလ် အကောင့်စပြီးရပါတယ်။

၂၀၀၆-၂၀၀၉

လူတွေမှာ အီးမေးလ် အကောင့် တစ်ခုမက ရှိလာတတ်ပြီး မနက်အိပ်ရာထလို့ ဂျီမေးလ် ချက်ကိုဖွင့်လိုက်ရင် ရန်ကုန်က သူငယ်ချင်း တစ်ယောက်မဟုတ် တစ်ယောက် အွန်လိုင်းမှာ ရှိနေတတ်ပါတယ်။ (စကားချပ်။ ။ မြန်မာပြည်ကို မတိုးတက်ဖူးလို့ ဘယ်သူပြောမလဲ) စာရေးသူကိုယ်၌လည်း အီးမေးလ် အကောင့် ၆ ခုလောက်နဲ့ ဗျာများနေပါရော။ မဖတ်ဖြစ်တဲ့ အီးမေးလ်တွေက တောင်လိုပုံ။ စာပြန်နောက်ကျတာတွေက မရေနိုင်။

Cleaning the slate

အီးမေးလ်တွေ ရှုပ်ပွနေတော့ မဖြစ်ချေဘူးဆိုပြီး ရှုထောင့် ကို စမ်းပြီးသုံးကြည့်တယ်။ မဆိုးဘူး။ အီးမေးလ် အားလုံးကို တစ်နေရာထဲက မြင်ရတယ်။ မဖတ်ရသေးတာတွေ အားလုံးကို ဖတ်ပြီးသား အသွင်ပြောင်းပြီး အခုနောက်ပိုင်း ၀င်သမျှ အီးမေးတွေကို ဖျက်၊ ဖတ်၊ ပြန်၊ သင့်သလို လုပ်လိုက်တော့ အဆင်ပြေနေပါတယ်။ ယာဟူးနဲ့ကတော့ ခွာပြဲနေပြီ။ သူက ရှုထောင့်နဲ့ သဟဇာတ မဖြစ်ဘူး။ အင်တာနက် အီးမေးလ်ခေတ်မှာ စောစောပိုင်း ခေတ်ရှေ့ပြေးခဲ့ပေမယ့် အခုတော့ နောက်ကျကျန်နေခဲ့ပါပြီ။

ဒါပါပဲ။ ဒါပဲ။ ဘာမှ မဟုတ်ဘူး။ ရောက်တတ်ရာရာ ရေးထားတာ။

ခက်ဆစ်

ဂျီတောက် = G Talk
ရာဟုမစိန်ကြာ = Yahoo Messenger
ရှုထောင့် = Outlook

Read More...

Tuesday, November 3, 2009

Inya Lake Hotel

၃၊ ၁၁၊ ၂၀၀၉


ခေါင်းစဉ်ပါ ဟိုတယ်ကို ဘယ်လို ဘာသာပြန်ကြမလဲ။ အမြဲတမ်း နားရည်ဝ မျက်စိယဉ် နေတာကတော့ "အင်းလျားလိပ် ဟိုတယ်" လို့ ထင်တာပဲ။ ဒါပေမယ့် ဒီရက်ပိုင်းအတွင်း အင်တာနက် သတင်းတွေထဲမှာ ဖတ်မိတော့ တချို့က "အင်းလျားလိတ် ဟိုတယ်"၊ တချို့က "အင်းယားကန် ဟိုတယ်" ဆိုပြီး ရေးကြတယ်။ "လျား" အစား "ယား" ရေးတာကတော့ ထားပါတော့လေ အသံထွက်ကိုလိုက်ရေးတာလို့ ပြောလို့ရတယ်။ "လိပ်"၊ "လိတ်" နဲ့ "ကန်" ကျတော့ အဓိပ္ပါယ်တွေက ကွဲနေရော။ အင်း ... ကိုယ်ကပဲ ပေါက်ပေါက်ရှာရှာ လိုက်မြင်နေတာလား မသိဘူး။

သိရင်ပြောကြပါဦး။

Read More...

Sunday, November 1, 2009

my upgrade from vista to 7

၂၊ ၁၁၊ ၂၀၀၉

ရှုမျှော်ခင်း မှသည် ခွန်နစ် သို့

ကံဆိုးချင်တော့ ပေါင်တင် ကွန်ပျူတာကပျက်တယ်။ ကံကောင်းချင်တော့ လုံးဝကြီးပျက်မသွားပဲ ဖိုင်တွေအားလုံးကို ပြန်ယူလို့ရတယ်။ ကံဆိုးချင်တော့ လိုချင်တဲ့ ပေါင်တင် ကွန်ပျူတာအသစ်က ဈေးကြီးနေပြီး ကိုယ်က ဘိုင်ကျနေတယ်။ ကံကောင်းချင်တော့ လပေးနဲ့ အကြွေးရမယ်တဲ့။ ကံဆိုးချင်တော့ ရွေးစရာက များများစားစားမရှိပဲ ကိုယ်သိပ်မသိလှတဲ့ ၆၄ ဘစ် ရှုမျှော်ခင်း ပြူတင်းပေါက် စနစ် ပါတာကြီး ၀ယ်လိုက်ရတယ်။ ဘာပဲပြောပြော ငွေတပြားမှ လက်ငင်းမပေးရပဲ ကံကောင်းစွာနဲ့ ၁၃ လက်မ ဒဲလ် ပေါင်တင်ကွန်ပျူတာလေး ရလိုက်တယ် ဆိုပါတော့။ ဒီမှာ ဇာတ်လမ်းစတော့တာပဲ။

ကံဆိုးချင်တော့ အရင်သုံးဖူးသမျှ အပျော့ထည် အတော်များများက ၆၄ ဘစ် ရှုမျှော်ခင်းစနစ် နဲ့ သိပ်ပြီး သဟဇာတ မဖြစ်လှဘူး။ ကံကောင်းချင်တော့ ၆၄ ဘစ် ရှုမျှော်ခင်းက သဘောထားကြီးကြီးနဲ့ တချို့ ၃၂ ဘစ် အပျော့ထည်တွေကို သုံးခွင့်ပေးထားတယ်။ ကံဆိုးချင်တော့ အဲဒီ ၃၂ ဘစ် အပျော့ထည်တွေကိုသုံးရင် ရှုမျှော်ခင်းရဲ့ အင်အားပြည့်သုံးလို့ မရဘူး။ ဂီယာ ၅ ချက်ပါတဲ့ကားမှာ နံပါတ်သုံးဂီယာနဲ့ ဖိနင်းနေသလိုဖြစ်နေတာ။

ကံကောင်းချင်တော့ အပျော့ထည်တွေ အတော်များများက ၆၄ ဘစ် အတွက် ပြင်ဆင်လာကြတာပါဘဲ။ အင်မတန် ကံဆိုးတဲ့ အချက်က မိုက်ခရိုဆော့ရဲ့ ရုံးသုံး အပျော့ထည် ကိုယ်၌က ၃၂ ဘစ်ဖြစ်နေတာ။ ဘာပဲဖြစ်ဖြစ်လေ ကံကောင်းချင်တော့ ပေါင်တင် ကွန်ပျူတာ ၀ယ်တုန်းက ခွန်နစ်ထွက်ရင် အလကားပေးမယ်ဆိုတဲ့ ကတိပါလာတယ်။ ကံဆိုးချင်တော့ ခွန်နစ်ထွက်ထွက်ချင်း အင်တာနက်က ဒေါင်းလုပ် ပေးမလုပ်ဘူး။ ကံကောင်းချင်တော့ အိမ်ကို ဒီဗီဒီ ပို့ပေးလာတယ်။

ကံဆိုးချင်တော့ ရှုမျှော်ခင်းကနေ ခွန်နစ်ကို အပြောင်းမှာ အရင်တင်ထားတဲ့ ဗိုင်းရပ်သတ်သမား မက်ကဖီးက လာနှောင့်နေတယ်။ ခွန်နစ် နဲ့ မက်ကဖီးက မတည့်ကြဘူးလေ။ ခွန်နစ်ကပြောတယ် မက်ကဖီးရှိရင် နင့်ပါတီကို ငါမလာဘူးတဲ့။ လူတွေတင် သင်းခွဲသလား အောင့်မေ့တယ်။ ဘယ်ဟုတ်မလည်း အပျော့ထည်တွေ အချင်းချင်းတောင် သူ့အကန့်လေးနဲ့သူ နေကြတာကလား။ ကံကောင်းချင်တော့ မက်ကဖီးကို ဖြုတ်လို့ရတယ်။ ကံဆိုးချင်တော့ တခြား အပျော့ထည် တော်တော်များများကိုလည်း ယာယီ ဖြုတ်ပစ်လိုက်ရတယ်။ ကံကောင်းချင်တော့ ခွန်နစ်က သူနောက်တော့ ပြန်တင်ပေးပါမယ် ဆိုပဲ။

ကံဆိုးချင်တော့ ၂ နာရီလောက် ကြာမယ် ပြောထားတဲ့ အဆင့်မြှင့်ကိစ္စဟာ ၄ နာရီခွဲ တိတိကြာသွားပါတယ်။ ကံကောင်းချင်တော့ ယာယီဖြုတ်ထားတဲ့ အပျော့ထည်တွေ အကုန် ပြန်တက်လာပါတယ်။ ကံဆိုးချင်တော့ ရှုထောင့် ထဲမှာ မက်ကဖီးရဲ့ ခြေရာလက်ရာတွေကျန်နေပြီး သူ့ကိုဖွင့်တိုင်း အယ်ရာတက်နေပါလေရော။ ကံကောင်းတာလေး တစ်ခုက ရှုမျှော်ခင်းမှာတုန်းက တင်ထားတဲ့ ဇော်ဂျီ ၂၀၀၇ ဖောင့်နဲ့ လက်ကွက်က ခွန်နစ်မှာ အေးဆေး အလုပ်လုပ်နေပါတယ်။

ဘာပဲပြောပြော အားလုံးကို ခြုံကြည့်လိုက်ရင် မုဒုံစောင်က အကောင်းဆုံး ... အဲလေ ... ကံကောင်းပါတယ်လေ။ ခွန်နစ်မှာ အလုပ်လုပ်ရတာ အတော့်ကို ပေါ့ပေါ့ပါးပါးနိုင်ပြီး အဆင်အပြင်လေးကလည်း ရိုးရှင်းတယ်။ ကိုယ့်အလုပ်စားပွဲ အသစ်လေးကတော့ အောက်မှာပါ။



ခက်ဆစ်

အပျော့ထည် - software
၆၄ ဘစ် ရှုမျှော်ခင်း ပြူတင်းပေါက် စနစ် - 64-bit Windows Vista
ပေါင်တင်ကွန်ပျူတာ - Laptop
ခွန်နစ် - Windows 7
မိုက်ခရိုဆော့ ရုံးသုံး အပျော့ထည် - Microsoft Office
ရှုထောင့် - Microsoft Outlook
အယ်ရာ - error

Read More...

Thursday, August 27, 2009

Once upon a time in a university in Burma

A friend recommended me this YouTube clip of Prof. Kyaw Thet's excerpt from CBS Edward Murrow's "See It Now" program on "Burma, Buddhism, and Neutrality" and I would like to share it with you again. This short clip tells us so much.

The first line began as follows:

"... Burma was the third nation in the history of the British empire to win its independence. The first two being the American colonies and the Republic of Iraq ... "

Thanks to lynaung who posted it on YouTube.

Read More...

Thursday, August 20, 2009

Early Worm and Early Bird

၂၀၊ ၈၊ ၂၀၀၉

“The early bird catches the worm.”

စကားပုံရှိတယ် “စောစောထတဲ့ငှက်ဟာ အစာ (ပိုးကောင်လေးများ) ရလွယ်ပါတယ်” တဲ့။ ဒါဆိုရင် စောစောထတဲ့ ပိုးကောင်လေးတွေကျတော့ရော။ စဉ်းစားစရာပါပဲ။

ဒီနေ့ စောစောထမိတဲ့ ပိုးကောင်လေး တစ်ကောင်အကြောင်း ပြောမလို့ပါ။

အိပ်ရာကနိုးတော့ အခန်းထဲမှာ မှောင်နေတုန်း။ ပြူတင်းပေါက် ဘလိုင်း ကြားထဲကနေ နံနက်ခင်း အလင်းရောင်က မသိမသာ တိုးဝင်လို့လာနေသည်။ ပျင်းကြော တစ်ချက် နှစ်ချက်လောက် ဆန့်ပြီး နာရီကြည့်တော့ ၅း၄၅။ အင်း ဒီအပတ် နွေရာသီသင်တန်းကတော့ မြန်မြန်ပြီးပါမှပဲ။ မဟုတ်ရင် နေ့တိုင်း ကျောင်းစောစောသွားနေရတာ တယ်မနိပ်လှဘူး။ ဒီနွေရာသီသင်တန်းက ပုံမှန်သင်တန်းမဟုတ်။ ဂျွန်စနိုးအင့် (ဂျွန်စနိုး ဆိုတဲ့ အန်ဂျီအို) ကနေ ကပ်စတန်မိုက်ဇ် (customize) လုပ်ပြီး သင်ခိုင်းတဲ့ အတန်းဆိုတော့ ပြင်ဆင်စရာတွေက ပိုများသည်။

ပုံမှန်ဆိုရင် အတန်းတက်စရာ မလိုတော့တဲ့ ကျမ်းပြုပါရဂူ ကျောင်းသားများ ထုံးစံအတိုင်း ကျောင်းကို သွားချင်တဲ့ အချိန်မှသွား၊ တချို့နေ့များဆို အိမ်ကနေ အလုပ်လုပ်တယ် ဆိုပြီး ကိုရီးယား အခန်းဆက်ကားတွေ ထိုင်ကြည့်နဲ့ ဟန်ကိုကျနေတာပဲ။

အရေးထဲ မနေ့က ညစာကို လျော့စားထားမိတော့ ဗိုက်ထဲက တကျုပ်ကျုပ်မြည်ကာ ဆာလို့လာသည်။ သူငယ်ချင်းကြီး ပြုတ်ပေးထားတဲ့ ပဲပြုတ်နဲ့ ထမင်းကြမ်းကျန်တာလေး ကြော်စားရင် ကောင်းမလား။ တွေးရင်းနဲ့ သွားရည်ယိုလာသည်။ မဖြစ်သေးပါဘူး။ ဒီနေ့ ကျူတိုရီရယ်မှာ ပေးရမယ့် မှတ်စုတွေလည်း ပရင့်ထုတ်ရဦးမယ် ဆိုတော့ နောက်ကျလို့မဖြစ်။ ကျောင်းကို စောစောသွားပြီး ကျောင်းရောက်မှ စားနေကျ ဆေးရုံကင်တင်းမှာ မနက်စာစားတော့မယ်။ ဟိုက် .. ပိုက်ဆံတောင် မရှိတော့ဘူး။ ကင်တင်းက ငွေသားပဲ လက်ခံတယ် အကြွေးကဒ်မရ။ ဒါဆိုရင် သွားနေကျ ကျောင်းကားဂိတ်ကို သွားမစီးပဲ နည်းနည်းပိုဝေးပေမယ့် ငွေထုတ်စက်နဲ့ လမ်းသင့်တဲ့ ကျောင်းကားဂိတ်ကိုပဲ သွားစီးတော့မယ်။

စိတ်ထဲမှာ ကမန်းကတန်းဆွဲလိုက်တဲ့ ကိုယ့်အစီအစဉ်ကိုကိုယ် ကျေနပ်သွားပြီး ရေအမြန်ချိုးကာ အိမ်ကနေ ကျောင်းကားဂိတ်ကို ထွက်လာပါတယ်။ ဘော်လ်တီးမိုး နွေရာသီမနက်ခင်းက နေ့ခင်းလို ပူလောင်မနေပဲ ခပ်အေးအေးနှင့်မို့ သီချင်းလေး ညည်းရင်း လျှောက်လာလိုက်တာ ခြေလှမ်း ၅၀ တောင် မပြည့်သေး နောက်ကနေ ခပ်သွက်သွက် ပြေးလာတဲ့ ခြေသံကြားပါတော့တယ်။ မနက်ခင်း ရွရွပြေးတဲ့ လူဖြစ်မှာပဲ။ ဒီနားမှာ အားကစား လိုက်စားတဲ့ လူတွေကများသား မဟုတ်လား။

ခဏကြာတော့ ပြေးနေတဲ့ ခြေသံပျောက်သွားပြီး ဘယ်ဖက် ဘေးနားမှာ ပုဂ္ဂိုလ်လေးတစ်ယောက် ဖြုတ်ကနဲ ပေါ်လာတယ်။ ဘတ်စကက်ဘော ကစားတဲ့ အ၀တ်အစားဝတ်ထားတဲ့ အားကစားသမား ကိုယ်လုံးနဲ့ အသက် ၂၀ ကျော်လောက်ပဲရှိဦးမယ်။ ပါးစပ်ကလည်း ဘာတွေမှန်းမသိ တတွတ်တွတ် ပြောနေတယ်။ အရင် အတွေ့အကြုံတွေအရ ဆိုရင်တော့ ငွေအကြွေပါလား ဘာညာပြောတာဖြစ်မှာ။ ဒါပေမယ့် ပုဂ္ဂိုလ်လေးက နဲနဲ ထူးခြားနေပုံရတယ်။ သူက ဘေးချင်းယှဉ် ရပ်နေရာကနေ သူ့ဘယ်ဖက်လက်ကို ဘောင်းဘီအိတ်ထဲကနေ နဲနဲဆွဲထုတ်ပြလိုက်တော့ … လားလား … ပစ်စတိုသေနတ် ပါလား။

“ခင်ဗျား တယ်လီဖုန်းပေးပါ။”

ဘာမှ မငြင်းပဲ ဖုန်းထုတ်ပေးလိုက်တယ်။ အခုအချိန်အထိ နှလုံးခုန်နှုန်းလည်း မြန်မလာ၊ ကြောက်စိတ်လည်း ၀င်မလာပဲ အံ့သြလောက်အောင် စိတ်ထဲမှာ အေးအေးဆေးဆေး ဖြစ်နေသည်။ ပုဂ္ဂိုလ်လေးက မျက်နှာချင်းဆိုင် နေရာကို ရောက်လာပြီး ညာလက်နဲ့ ဖုန်းကို လှမ်းယူလိုက်သည်။ ဘယ်လက်ကတော့ ဘောင်းဘီအိတ်ထဲက သေနတ်ကို ကိုင်ထားတုန်း။ မသိတဲ့ လူတွေများ ခပ်လှမ်းလှမ်းက ကြည့်နေရင် မိတ်ဆွေနှစ်ယောက် စကားပြောနေတယ်လို့ ထင်ရလိမ့်မယ်။

ပုဂ္ဂိုလ်လေး နိုကီယာ ၆၀၃၀ ဖုန်းကို ဖင်ပြန်ခေါင်းပြန်ကြည့်ပြီး စိတ်ညစ်သွားပုံနဲ့

(စကားချပ်။ ။ နိုကီယာ ၆၀၃၀ ဖုန်းက ဒီမှာ အပေါဆုံးဖုန်းဆိုတော့ ပြန်ရောင်းစားလို့ မရပါ။)

“ပိုက်ဆံအိတ်ပေး” လို့ တောင်းလာပြန်တယ်။

ဒါနဲ့ အိတ်ထဲက ပိုက်ဆံအိတ်ကို ထုတ်ပေးလိုက်တော့ တယ်လီဖုန်းကို ပြန်ပေးပြီး ပိုက်ဆံအိတ်ကို လှမ်းယူသည်။ ပိုက်ဆံအိတ်လို့သာ ပြောရသည် ငွေက တစ်ပြားမှ မပါ။ (အခုမှ ငွေထုတ်စက်ကို သွားပြီး ငွေထုတ်မလို့ ဆိုတာတော့ ပြောလို့မဖြစ်) အကြွေးကဒ်နှင့် ဘာဘာညာညာ ကဒ်ပြားများကို ထည့်သည့် ဓါတ်ပုံ အယ်လ်ဘမ်လိုမျိုး အသေးစားလေးဖြစ်သည်။ ပိုက်ဆံအိတ် လှမ်းပေးလိုက်ရင်းနဲ့ စကား တစ်ခွန်းတော့ ပြောလိုက်မိသည်။

“ဆောရီးပဲဗျာ ကျွန်တော့မှာ ငွေမရှိဘူး။ ဘိုင်ကျနေတယ်”

ပုဂ္ဂိုလ်လေး ပိုက်ဆံအိတ်ကို တစ်ချက်ကြည့်ပြီး အတော် စိတ်ညစ်သွားပုံရသည်။ ပိုက်ဆံအိတ်ကိုပါ ပြန်ပေးပြီး
“ခင်ဗျား ရဲကို ဖုန်းလျှောက်ဆက်မနေနဲ့” ဆိုပြီး ပြောပြောဆိုဆို လာရာဖက်ကို ပြန်ပြေးသွားပါတော့တယ်။

စောစောထမိတဲ့ ပိုးကောင် စောစောထတဲ့ ငှက်အစာ ဖြစ်တော့မလို့ဗျ။ သတိထားကြနော။

Read More...

Thursday, July 16, 2009

MBEAN is now LEAD

၁၆၊ ၇၊ ၂၀၀၉

MBEAN အမည်ပြောင်းခြင်း

နာဂစ်အလွန် မြန်မာနိုင်ငံတွင် မွေးဖွားလာသော လူမှုကူညီရေး အဖွဲ့များထဲက တစ်ခုဖြစ်သည့် Myanmar/Burma Emergency Aid Network (MBEAN) သည် အမည်သစ်ဖြစ်သော Link Emergency Aid & Development (LEAD) ကို ပြောင်းလဲ သုံးစွဲနေပြီဖြစ်ကြောင်း သိရှိရပါသည်။

ဝက်ဆိုဒ်လိပ်စာ အသစ် - http://www.lead-ngo.org

လိုဂိုမှာ



Read More...

Blog-vacation is over

Finally my blog-vacation is over.

Read More...

Sunday, May 3, 2009

365 days and beyond

၃၊ ၅၊ ၂၀၀၉

၃၆၅ ရက် အလွန်

လူပေါင်း တစ်သိန်းကျော်ကို တစ်ညတည်းမှာ အသက်ဆုံးပါး စေခဲ့တဲ့ နာဂစ် ဖြစ်ခဲ့တာ ၃၆၅ ရက် ရှိပြီ။ အချိန်တစ်နှစ် ကြာသွားပြီဆိုတော့ အားလုံးမေ့မေ့ ပျောက်ပျောက်ပဲလား။

မဟုတ်ပါ။

မြန်မာနိုင်ငံတွင်းကရော နိုင်ငံ ပြင်ပကပါ စေတနာရှင်များက ဆက်လက် ထောက်ပံ့ကူညီ နေတဲ့အတွက် ကယ်ဆယ်ရေး နဲ့ ပြန်လည် ထူထောင်ရေး လုပ်ငန်းတွေ ရှင်သန်နေဆဲပါလေ။

အောက်က ဗွီဒီယိုလေးကတော့ ပြန်လည်ထူထောင်ရေး လုပ်ဆောင်နေတဲ့ အဖွဲ့များစွာထဲက တစ်ခုဖြစ်တဲ့ မြန်မာနိုင်ငံ အရေးပေါ်ကယ်ဆယ်ရေး ကွန်ရက်အဖွဲ့ ရဲ့ မူလတန်းကျောင်း (တူးမြောင်းကျေးရွာ၊ ဒေးဒရဲမြို့နယ်၊ ဧရာဝတီတိုင်း) ဆောက်လုပ် လှူဒါန်းမှု မှတ်တမ်းလေးပါ။ နတ်လူ သာဓုခေါ်နိုင်ကြပါစေ။





Read More...

Wednesday, April 29, 2009

Seasonal allergy

၂၉၊ ၄၊ ၂၀၀၉

ယားချင်ဦးဟဲ့ ..

သူဌေးရောဂါလား အမေရိကန်ရောဂါလား ဘာပြောရမှန်းကို မသိတော့ဘူး။ ဒီလောက် ဖုန်ထူတဲ့ နိုင်ငံက လာပြီး အခုမှ လေထိမခံ အမေရိကန် ဖြစ်နေလေရဲ့။ ၂၀၀၆ လောက်ကတည်းက စတာ။ ဒီရာသီဆို အချိန်မှန် ရောက်ရောက်လာတယ်။ အရင်တုန်းကတော့ ဆေးကျောင်းဖတ်စာအုပ်တွေထဲမှာ နားစွန်နားဖျား ကြားဖူးပါရဲ့။ ၀တ်မှုန်ကူးတဲ့ ရာသီမှာ ဖြစ်တတ်သော ဓါတ်မတဲ့ခြင်း (seasonal allergy) တဲ့။

ရောဂါ လက္ခဏာတွေကတော့ မျက်စိယား၊ မျက်ဝတ်ထွက်၊ နှာချေ၊ နှာခေါင်းပိတ်၊ နှာရည်ယို။ တစ်နှစ်ထက် တစ်နှစ် ပိုလို့သာဆိုး။ ဟတ်ချိုး တစ်ခါ နှစ်ခါနဲ့လည်း မပြီး။ ဘာမီတွန်လောက်နဲ့လည်း မရ။ မနေ့ကဆို အတန်းထဲမှာ ဟတ်ချိုးချေတာ အရမ်းကျယ်လို့ လူတွေ လန့်ကုန်ကြတယ်။ ၀က်တုပ်ကွေးကလည်း ခေတ်စားနေတယ် မဟုတ်လား။

ဖြစ်နေတာတော့ သုံးပတ်လောက် ရှိပြီ။ မျက်လုံးတွေယားပြီး ယောင်ကိုင်းနေတာ ဖိုးကပ် (focus) တောင် မမိတော့ဘူး။ ဆေးကျောင်းမှာတုန်းက ဒီလို ဓါတ်မတဲ့တာမျိုးကို ဘယ်လို ကုရမယ်လို့ သင်ခဲ့ရင် သင်ခဲ့ဘူးမှာပေါ့။ ဒါပေမယ့် သေသေချာချာ မမှတ်မိတော့ဘူး။ တတ်သလောက် မှတ်သလောက် ဆေးမြီးတိုတွေနဲ့ ကုနေပေမယ့် အခုတော့ ဆရာမနိုင် ဖြစ်လာပြီ။

ညကတော့ အတော့်ကို ဆိုးတာ ကိုယ့်မှာ နှာခေါင်း မရှိတော့ဘူးလား အောက်မေ့ရတယ်။ အိပ်လို့လည်းမရလို့ တစ်ညလုံး ငုပ်တုပ်ထိုင်နေရတယ်။ နှာခေါင်း လုံးဝပိတ်နေတော့ ပါးစပ်နဲ့ပဲ အသက်ရှုလို့ရတော့တယ်။ ပါးစပ်နဲ့ အသက်ရှုရတော့ အာခေါင်ကခြောက်။ ရေသောက်မယ်ကြံတော့ နှာခေါင်းပိတ်လွန်းလို့ တံတွေးတောင် မမျိုနိုင်။ စကားလည်း မပြောချင် မပြောနိုင်။ ပါးစပ်က အသက်ရှုမလား၊ တံတွေးမျိုမလား၊ အစာစားမလား၊ စကားပြောမလား ... အကုန်လုပ်လို့ရပေမယ့် နှာခေါင်းမရှိတော့တဲ့ အချိန်မှာတော့ တစ်ချိန်မှာ တစ်ခုပဲ လုပ်လို့ရတော့တယ်။ (မရှိတော့မှ တန်ဖိုး သိနေတာ) သေရေးရှင်ရေးဆိုတော့လည်း အသက်ရှုတာကိုပဲ ဦးစားပေးရတာပေါ့။ ညစာလည်း မစားဖြစ်တော့။

အသက် မျဉ်းမျဉ်းရှုပြီး တရားမှတ်နေရင်း ဒီစိတ်တွေ ဘယ်ပြေးနေလဲ ကြည့်လိုက်တော့ ...

ဒီလောက်ဖြစ်တဲ့ နှာခေါင်း ပိတ်ချင်ဦးဟဲ့ ဆိုပြီး ၀က်နှာခေါင်းနဲ့ လဲတတ်ရင် ကောင်းမလား (နှာခေါင်းပေါက် ကျယ်လို့) ... မဖြစ်သေးပါဘူး ... ကျန်းမာရေးအာမခံက နှာခေါင်းအစားထိုးတာကို ပေးမယ် မထင်ဘူး ... အခုနေ ပါးစပ်ကပါ အသက်မရှုနိုင်တော့ရင် ဘာဖြစ်သွားမယ် ထင်လဲ ... အင်း အခန်းထဲမှာက ပစ္စည်းတွေ ဗလပွပဲ ... လာသိမ်းရမယ့်လူတော့ မလွယ်ဘူး ... ဘွဲ့လေးတောင် မရပဲ .. လျောသွားလို့ကတော့ ... အသက်မရှုနိုင်လို့ ကိစ္စချောသွားလေသူကြီးလို့ နာမည်ကြီးဦးတော့မှာပဲ ... ကျောင်းမှာတုန်းက သင်ရတဲ့ အေ၊ဘီ၊စီ (Airway, Breathing, Circulation) ဒီလောက် အရေးကြီးမှန်း အခုမှ ကိုယ်တွေ့ပဲ ... အသက်မရှုနိုင်တော့မှ နိုင်းဝမ်းဝမ်း ခေါ်ရင် မှီပါ့မလား ... အိမ်ရှင်ကို နှိုးပြီး ဒုက္ခပေးရမလား ... ဟော အကြံရပြီ အေးရင် သွေးကြောကျဉ်းမယ် ဒါဆို အရောင်လျော့မယ် ... နှာခေါင်းပွင့်မယ် ... ကိုင်း မတိမ်းမစောင်းပဲ ချွတ်နင်းသံနဲ့ မီးဖိုထဲ သွားရအောင်။

နှာခေါင်းကို ရေခဲ အုပ်လိုက်တော့မှ နည်းနည်း နေသာထိုင်သာ ရှိသွားတယ်။ ကုသနည်း ဟုတ်မဟုတ်တော့ မသိဘူး။ နှာခေါင်းနဲ့ အသက်ရှုလို့ ရတာကိုက အရှင်လတ်လတ် နိဗ္ဗာန်ရောက်သွားသလိုလို။ ရေခဲအုပ် ရပ်လိုက်တာနဲ့ နှာခေါင်းက ပြန်ပိတ်။ ဒါနဲ့ပဲ ရေခဲပြန်အုပ်နဲ့ မိုးလင်းသွားရော။

မိုးလင်းတော့ ဆရာဝန် နဲ့ ချိန်းထားပြီး ဖြစ်လို့ သွားပြပါတယ်။ ကျန်းမာရေး အာမခံရှိတော့ “၀ါးခ” မပေးရဘူး။ ဒါပေမယ့် ဆရာဝန်က လက်နက်ကြီးတွေ ထုတ်သုံးတော့ “ဆေးဖိုး” က ဒေါ်လာ ၁၆၀ ကျော် ကျလေရဲ့။ “တစ်ခါယား တစ်သိန်းခွဲ” ဆိုတော့ “အာယိုးယိုး” အော်ရတော့တာပေါ့။ ဆေး ၄-မျိုးမှာ တစ်မျိုးကပဲ ဈေးကြီးတာပါ။ Singulair (Montelukast) တဲ့။ ဓါတ်မတဲ့ရာကနေ ထွက်လာတဲ့ leukotrienes ဆိုတဲ့ ဓာတုပစ္စည်းကို ဓါတ်ပြယ်အောင် လုပ်ပေးတဲ့ ခေတ်မီ ဆေးလို့ အလွယ် ဆိုကြပါစို့ရဲ့။ ဆေး အလုံး ၃၀ ကို ဒေါ်လာ ၁၂၀ ဆိုတော့ ဆေးတစ်လုံးကို ၄ ဒေါ်လာလောက် ကျသဗျို့။

ကဲ ... မိတ်ဆွေတို့ရော ... ယားချင်ကြသေးလား ...

Read More...

Monday, April 20, 2009

Listed universities of our country

၂၀၊ ၄၊ ၂၀၀၉

International Association of Universities တွင်
စာရင်းပေါက်သော မြန်မာတက္ကသိုလ်များ

ယူနက်စကို (UNESCO) လက်အောက်ရှိ အပြည်ပြည်ဆိုင်ရာ တက္ကသိုလ်များ အသင်း (International Association of Universities) ၀က်ဆိုဒ်တွင် ကမ္ဘာအရပ်ရပ်ရှိ တက္ကသိုလ်များ စာရင်းကို ပြုစုထားရှိပါသည်။ မြန်မာနိုင်ငံ ပြင်ပရှိ တက္ကသိုလ်များတွင် ဘွဲ့လွန် သင်တန်းများ တက်ရောက်ရန် လျှောက်ထားလျှင် ၄င်းတက္ကသိုလ်များက လျှောက်ထားသူများ ယခင်တက်ရောက်ခဲ့သည့် တက္ကသိုလ်၊ ကောလိပ်သည် နိုင်ငံတကာ အသိအမှတ်ပြု တက္ကသိုလ် ဖြစ်မဖြစ်ကို ဤစာရင်းနှင့် တိုက်ဆိုင် စစ်ဆေးတတ်ကြသည်။

မြန်မာနိုင်ငံရှိ တက္ကသိုလ် ကောလိပ်များအနက် အပြည်ပြည်ဆိုင်ရာ တက္ကသိုလ်များ အသင်း၏ စာရင်းတွင် ပါဝင်သော တက္ကသိုလ်၊ ကောလိပ်များကို အောက်ပါ ၀က်ဆိုဒ်မှ တဆင့် သွားရောက် ကြည့်ရှုနိုင်ပါသည်။

http://www.unesco.org/iau/onlinedatabases/list.html

မူပိုင်ခွင့် အတားအဆီးရှိသောကြောင့် တက္ကသိုလ်များ စာရင်းကို ဤဘလောက်ပို့စ်တွင် ဖော်ပြပေးနိုင်ခြင်း မရှိသည်ကို ခွင့်လွှတ်စေလိုပါသည်။

Read More...

Thursday, April 16, 2009

All people are equal ...

George Owell wrote in "Animal Farm" as follows:

"All animals are equal, some animals are more equal than others"

Harnlay -a cartoonist from the Irrawaddy magazine - illustruated vividly as follows:

Read More...

Tuesday, April 14, 2009

The Development Set

by Ross Coggins


It is 33 years old, yet, still true to today. I saw that in my former boss's office years ago, and, again today in the class of "Poverty, Economic Development, and Health" and very much would like to share it with you all.

"Adult Education and Development" September 1976


Excuse me, friends, I must catch my jet
I'm off to join the Development Set;
My bags are packed, and I've had all my shots
I have traveller's checks and pills for the trots!

The Development Set is bright and noble
Our thoughts are deep and our vision global;
Although we move with the better classes
Our thoughts are always with the masses.

In Sheraton Hotels in scattered nations
We damn multi-national corporations;
injustice seems easy to protest
In such seething hotbeds of social rest.

We discuss malnutrition over steaks
And plan hunger talks during coffee breaks.
Whether Asian floods or African drought,
We face each issue with open mouth.

We bring in consultants whose circumlocution
Raises difficulties for every solution --
Thus guaranteeing continued good eating
By showing the need for another meeting.

The language of the Development Set
Stretches the English alphabet;
We use swell words like "epigenetic"
"Micro", "macro", and "logarithmetic"

It pleasures us to be esoteric --
It's so intellectually atmospheric!
And although establishments may be unmoved,
Our vocabularies are much improved.

When the talk gets deep and you're feeling numb,
You can keep your shame to a minimum:
To show that you, too, are intelligent
Smugly ask, "Is it really development?"

Or say, "That's fine in practice, but don't you see:
It doesn't work out in theory!"
A few may find this incomprehensible,
But most will admire you as deep and sensible.

Development set homes are extremely chic,
Full of carvings, curios, and draped with batik.
Eye-level photographs subtly assure
That your host is at home with the great and the poor.

Enough of these verses - on with the mission!
Our task is as broad as the human condition!
Just pray god the biblical promise is true:
The poor ye shall always have with you.

Original source: http://www.geocities.com/shores_system/development_set.html

Read More...

Thursday, April 9, 2009

Donors for humanitarian aid

၉၊ ၄။ ၂၀၀၉

လူသားချင်းစာနာသော အလှူရှင်များ

လူမှုကူညီရေး လုပ်ငန်းများကို လုပ်ဆောင်ဖို့ ရန်ပုံငွေ လိုအပ်ပါတယ်။ ဒီရန်ပုံငွေတွေကို ဘယ်က ရပါသလဲ။ အကြမ်းဖျဉ်း လေးမျိုး ခွဲခြားနိုင်ပါတယ်။
  1. Individual donors (တစ်ဦးချင်း အလှူရှင်များ)
  2. Private foundations/ Philanthropic organizations (ပုဂ္ဂလိက ဖောင်ဒေးရှင်းများ)
  3. Bilateral donors (နိုင်ငံ တစ်ခုချင်းအလိုက် အလှူရှင်များ)
  4. Multilateral donors (နိုင်ငံတကာ စုပေါင်း အလှူရှင်များ)

တို့ဖြစ်ကြပါတယ်။

1. Individual donors

တစ်ဦးချင်း အလှူရှင်များ ဆိုတာကတော့ နာဂစ်ဖြစ်တုန်းက တစ်ရာတန်သည်၊ နှစ်ရာတန်သည် ကိုယ်တတ်နိုင်သလောက် လှူကြတဲ့ ခင်ဗျားတို့ ကျွန်တော်တို့လို အလှူရှင်မျိုးတွေပေါ့။

2. Private foundations

ပုဂ္ဂလိက ဖောင်ဒေးရှင်းတွေ ဆိုတာကတော့ သူဌေးတွေ ဖွဲ့ထားတဲ့ လူမှုကူညီရေး အသင်းအဖွဲ့တွေ ဖြစ်ပါတယ်။ အမေရိကားမှာ နာမည်ကြီးတာတွေ ကတော့ ဖို့ဒ်ဖောင်ဒေးရှင်း (Ford Foundation) ဂိတ်စ်ဖောင်ဒေးရှင်း (Bill and Melinda Gates Foundation) စတာတွေဖြစ်ပါတယ်။

3. Bilateral donors

နိုင်ငံ တစ်ခုချင်းအလိုက် အလှူရှင်များဆိုတာက အလှူရှင်နိုင်ငံ တစ်နိုင်ငံက အခြားနိုင်ငံ တစ်နိုင်ငံကို တိုက်ရိုက်လှူဒါန်းတာမျိုးပါ။ ဥပမာ - အမေရိကန် နိုင်ငံက မြန်မာနိုင်ငံကို မုန်တိုင်းဒဏ်ခံ ဒေသအတွက် ဆန်တွေ လှူတာမျိုးကို ခေါ်ပါတယ်။ ပစ္စည်းလှူတာဖြစ်နိုင်သလို ငွေကြေး လှူဒါန်းတာလည်း ဖြစ်နိုင်ပါတယ်။ ဒီလို အကူအညီပေးတဲ့ အစိုးရ လက်အောက်ခံ ဌာနတွေကို သြစတေးလျနိုင်ငံမှာဆိုရင် AusAid (The Australian Government's overseas aid programme) အင်္ဂလန်နိုင်ငံမှာဆိုရင် DFID (UK Department for International Development) အမေရိကန်နိုင်ငံမှာဆိုရင် USAID (United States Agency for International Development) နဲ့ ဂျပန်နိုင်ငံမှာ ဆိုရင် JICA (Japanese International Cooperation Agency) စသဖြင့် ခေါ်ဝေါ်ကြပါတယ်။

4. Multilateral donors

နိုင်ငံတကာ စုပေါင်းအလှူရှင်များ ဆိုတဲ့ အထဲမှာတော့ နိုင်ငံ တစ်ခုထက်မက ပါနိုင်သလို ပုဂ္ဂလိက အသင်းအဖွဲ့တွေလည်း ပါနိုင်ပါတယ်။ အထက်မှာ ဖော်ပြထားတဲ့ အမျိုးအစား (၂) နဲ့ (၃) ကို ရောစပ်ထားတာပါ။ ဥပမာ - GAVI (The Global Alliance for Vaccine Initiative) ဆိုရင် ပုဂ္ဂလိကဖောင်ဒေးရှင်းတွေ၊ ဖွံ့ဖြိုးဆဲ ဖွံ့ဖြိုးပြီး နိုင်ငံတွေ၊ ကုလသမဂ္ဂအဖွဲ့အစည်းတွေ (WHO & UNICEF) နဲ့ ကမ္ဘာ့ဘဏ် အပြင် ကာကွယ်ဆေး ထုတ်လုပ်သူ စီးပွားရေးလုပ်ငန်းရှင်တွေပါ ပါဝင်ကြပါတယ်။ နောက်ဥပမာ တစ်ခုကတော့ ဂလိုဘယ်ဖန် (Global Fund for AIDS, TB, and Malaria) အဖွဲ့ ဖြစ်ပါတယ်။

အလှူငွေ ရရှိတဲ့ နေရာတွေ အမျိုးမျိုးကွဲပြားသလို အလှူငွေ တောင်းခံပုံတောင်းခံနည်း စည်းမျဉ်း စည်းကမ်းတွေကလည်း ကွဲပြားကြောင်း သတိချပ်ပါ။ အသေးစိတ် သိလိုပါက သက်ဆိုင်ရာ အဖွဲ့အစည်းရဲ့ ၀က်ဆိုဒ်များမှာ သွားရောက် လေ့လာနိုင်ပါတယ်။

Read More...

Sunday, April 5, 2009

Cherry Blossom 2009

I would like to share you the photos that I took yesterday at National Cherry Blossom Festival 2009.



To see my album click the following link:

Cherry Blossom 2009

Read More...

Wednesday, April 1, 2009

Introduction to measurements in public health

၁-၄-၂၀၀၉

ပြည်သူ့ကျန်းမာ အတိုင်းအတာများ (မိတ်ဆက်)

ပြည်သူ့ကျန်းမာရေး လုပ်ငန်းတွေ အကောင်အထည်ဖော်ရာမှာ “အတိုင်းအတာ” ဟာအခြေခံကျပေမယ့် မကြာခဏ လျစ်လျူရှုခံရတတ်ပါတယ်။ တစ်ခါတစ်ရံမှာတော့ “ငါတို့က စေတနာနဲ့ လုပ်ပေးနေတာပဲ၊ ပြီးရောပေါ့” ဆိုပြီး တစ်လွဲ ဆံပင်ကောင်း တတ်သလို။ တစ်ခါတစ်ရံမှာတော့ “တို့နေရာ ဒေသ အခြေအနေနဲ့ ဒီလောက်ပဲ ရမှာပဲ အရမ်းတိကျချင်နေလို့ ဘယ်ရမလဲ” ဆိုပြီး လက်လျော့စကား ပြောတတ်ကြပါတယ်။ ဒီ့အပြင် “မင်းတို့ နိုင်ငံခြားက သင်လာတာတွေနဲ့ ဒီနိုင်ငံမှာ မကိုက်ဖူး” ဆိုတဲ့ လွယ်အိတ်တွေလည်း တွေ့ရတတ်ပါတယ်။ ဒါတင်မက လုပ်ငန်းတိုးတက်မှုကို လာရောက် စစ်ဆေးတဲ့ အဖွဲ့တွေကိုလည်း “လာပြီး ရစ်နေသူတွေ” လို့ မြင်တတ်ကြသေးတယ်။

ဒီလို ပုဂ္ဂိုလ်တွေအတွက် လော့ဒ်ကယ်ဗင် ခေါ် ၀ီလီလျှံသော်မဆင် ပြောခဲ့တာလေးနဲ့ စရအောင် …
"If you can not measure it, you can not improve it."
William Thomson (Lord Kelvin)
1824 – 1907

(စကားချပ်။ ။ လော့ဒ်ကယ်လ်ဗင် ဆိုတာ ကျွန်တော်တို့ ရူပဗေဒ သင်ရတုန်းက အပူချိန်တိုင်း ယူနစ်တွေဖြစ်တဲ့ စင်တီဂရိတ်၊ ဖာရင်ဟိုက် တွေနဲ့ အတူ သင်ခဲ့ရတဲ့ ဒီဂရီကယ်လ်ဗင် ကိုတီထွင်ခဲ့သူဖြစ်ပါတယ်။)

သူဆိုလိုတာက “တိုင်းတာလို့ မရဖူးဆိုရင် တိုးတက်အောင်လည်း လုပ်လို့ မရပါဘူး” တဲ့။ တိုတိုနဲ့ အင်မတန် ထိမိတဲ့ စကားလေးပါ။ ရူပဗေဒ ဘာသာရပ်မှာ အလျား၊ အချိန်၊ အပူချိန်၊ အလေးချိန်တွေကို တိတိကျကျ တိုင်းတာလို့ ရနေတာကိုး လို့ ပြောမယ်ဆိုရင်တော့ ပြောပါလေ။ ကျန်းမာရေး ကိစ္စတွေမှာ တိုင်းတာရ ခက်တာတွေကလည်း အများကြီး ရှိနေတာကိုး။ ဥပမာ အနေနဲ့ ပြောရမယ် ဆိုရင် စိတ်ညစ်တာကို ဘယ်လိုတိုင်းကြမလဲ။ ငါးမူးဖိုး စိတ်ညစ်တယ်၊ တစ်ကျပ်ဖိုး စိတ်ညစ်တယ် လို့ ပြောမလား၊ သေလောက်အောင် စိတ်ညစ်တယ်လို့ ပြောမလား။ စာမေးပွဲ တစ်ခုတည်းကို အတူတူကျကြတဲ့ သူငယ်ချင်းနှစ်ယောက်မှာ တစ်ယောက်ကတော့ ဘာမီတွန်သောက်သတ်သေတယ်၊ တစ်ယောက်ကတော့ လက်ဖက်ရည်ဆိုင် အထိုင်မပျက်ဘူး ဆိုရင် ဘယ်လို ပြောမလဲ။ ဒီလိုဆိုလိုက်လို့ စိတ်ညစ်တာကို တိုင်းလို့ မရဘူးလို့တော့ မထင်စေချင်။ Psychometrics လို့ခေါ်တဲ့ စိတ်ပိုင်းဆိုင်ရာ အခြေအနေတွေကို တိုင်းတာတဲ့ နည်းလမ်းတွေ သုံးရင် စိတ်ညစ်တဲ့ ပမာဏကို သိနိုင်ပါမယ်။

နီးစပ်တဲ့ ဥပမာလေး တစ်ခုနဲ့ ပြောချင်တယ်။ ခုခံအားကျရောဂါ ကာကွယ်ရေး စီမံချက် တစ်ခုကို အကောင်အထည်ဖော်တယ်။ ငွေတွေ သိန်းသန်း ချီပြီး သုံးတယ်။ အချိန်လည်း ၃-၄ နှစ်လောက် ကြာသွားပြီ။ ဘာအကျိုးရှိသလဲလို့မေးလိုက်တော့ … လက်ကမ်းစာစောင် ဘယ်နှစ်စောင် ဝေပါတယ်၊ ပညာပေး အစီအစဉ် ဘယ်နှစ်ကြိမ်လုပ်ပါတယ်၊ တက်ရောက်သူ ဘယ်နှစ်ယောက် ရှိပါတယ် ဆိုတဲ့ အပေါ်ယံ ကိန်းဂဏန်းတွေလောက်ပဲ ပြောနိုင်ပြီး ပြည်သူလူထု ကျန်းမာရေး အတွက် ဘယ်လောက် ထိရောက်သလဲ ဆိုတာကိုတော့ မပြနိုင်ဘူး ဆိုရင်ဖြင့် စိုင်းထီးဆိုင် သီချင်းထဲက စာသားကို ပြန်ပြောချင်တယ် .. “ .. ဘယ်လောက်ပင် ချွေးထွက်ပါစေ အရွေ့ မရှိရင် အလုပ် မဖြစ်ဘူး ..”

ဟုတ်ပါတယ်။ သေလောက်အောင် တွန်းနေပေမယ့် ကိုယ်တွန်းနေတဲ့ အရာက တုတ်တုတ်မှ မလှုပ်ဖူးဆိုရင်တော့ ချွေးပြိုက်ပြိုက်ကျရုံမက နှလုံးလေဟတ်ပြီး မတ်တပ်က လဲသွားတောင် “အလုပ်” မဖြစ်ပါဘူး။ ဒါကိုမှ ကျွန်တော်၊ ကျွန်မတို့က တစ်နေ့ကို ဘယ်နှစ်နာရီ တွန်းပါတယ်၊ ချွေး ဘယ်နှစ်ဂါလံထွက်ပါတယ်၊ ချွေးအစားထိုးဖို့ ဘီယာ ဘယ်နှစ်ကပ် သောက်ရပါတယ်၊ ၀န်ထမ်း ဘယ်နှစ်ယောက်ကို ဆေးရုံပို့လိုက်ရပါတယ် ဆိုတဲ့ ကိန်းဂဏန်းတွေ လျောက်ပြောနေမယ်ဆိုရင် လူရယ်စရာဖြစ်ပါမယ်။ ဒီသာဓက ဟာ စာရှုသူအမြင်မှာ သိသာပေမယ့် ပြည်သူ့ကျန်းမာ စီမံချက်တွေမှာတော့ အခုလောက် မသိသာလှပါဘူး။ တကယ့်ကို ထဲထဲဝင်ဝင် မျက်စိရှင်ရှင်နဲ့ လေ့လာမှ သိနိုင်ပါမယ်။

ပြည်သူ့ကျန်းမာ လုပ်ငန်းတွေ စီမံချက်တွေဟာ ပြည်သူတွေရဲ့ ကျန်းမာရေး အခြေအနေ တိုးတက်ကောင်းမွန်လာစေဖို့ ရည်ရွယ်ကြတာပါ။ အင်မတန် မွန်မြတ်ပါတယ်။ ဒီမွန်မြတ်တဲ့ ရည်ရွယ်ချက်အတိုင်း ပြည့်မှီသလား မပြည့်မှီဘူးလား ဆိုတာကို စီမံချက်တွေမှာ ပါဝင် အကောင်အထည်ဖော်နေသူတွေ အနေနဲ့ သေသေချာချာ တိုင်းတာဖို့ လိုပါတယ်။ ကိုယ်ဘာကို ရချင်လို့ လုပ်နေသလဲ ဆိုတာကို သိကို သိရပါမယ်။

ဒီနေရာမှာ ကြုံလို့ ကိုယ်တွေ့ အဖြစ်လေး ပြောပြချင်ပါတယ်။ နာဂစ်ဖြစ်အပြီး ရွာတစ်ရွာကို ရောက်သွားတော့ ဆေးလာကုတဲ့ အဖွဲ့တစ်ဖွဲ့နဲ့ ဆုံပါတယ်။ ပါဝင်တဲ့ ဆရာဝန်လေးတွေကို စကားစမြည် ပြောရင်း ဒီလို ရွာစဉ်လိုက်ပြီး ဆေးကုတာ ဘယ်အချိန်လောက်အထိ လုပ်မှာလဲလို့ စာရေးသူက မေးလိုက်ပါတယ်။ ဆရာဝန်လေး ပြန်ဖြေတာက “ဒါကတော့ စီမံချက် မန်နေဂျာ သွားခိုင်းနေသရွေ့ သွားနေမှာပါ” တဲ့။ အဲဒီဆရာဝန်လေး အနေနဲ့ ကိုယ်လုပ်နေတဲ့ အလုပ်က ဘာအတွက် လုပ်နေတာလဲ ဘယ်အချိန်အထိ လိုအပ်သလဲ ဆိုတာကို သိပုံမပေါ်ပါဘူး။ အလှူရှင်ရှိလို့၊ အလှူငွေတွေ ရနေလို့ လိုက်ပြီး ဆေးကုနေတာလို့ ယူဆတယ် ဆိုရင်တော့ စိတ်မကောင်းစရာပါပဲ။

ပြန်ပြီး အနှစ်ချုပ်ရရင် အောင်မြင်တဲ့ စီမံချက်တစ်ခုဖြစ်ဖို့ အတိုင်းအတာဟာ အရေးကြီးပါတယ်။ အနည်းဆုံးအောက်ထစ် အနေနဲ့ တိုင်းတာဖို့ လိုတာက စီမံချက် မစမီ အခြေအနေနဲ့ စီမံချက် ပြီးဆုံးပြီး အခြေအနေ နှစ်ရပ်ပါ။ ဒါမှလည်း မိမိရဲ့ စီမံချက်ဒေသမှာ နဂိုရှိရင်းစွဲ အခြေအနေကနေ တိုးတက်လာသလား၊ ဆုတ်ယုတ်သွားသလား ဆိုတာကို နှိုင်းယှဉ်ပြီး သိနိုင်ပါလိမ့်မယ်။ တိုးတက်လာတယ် ဆိုရင်တော့ ဒီလို တိုးတက်မှုဟာ ကိုယ့်စီမံချက် လုပ်ငန်းတွေကြောင့် တိုးတက်တာလား၊ သူ့အလိုအလျောက် တိုးတက်နေတာလား ဆိုတာကို ဆက်ပြီး ဆန်းစစ်ရပါမယ်။

ပြည်သူ့ကျန်းမာ စီမံချက်တွေကို တိုင်းတာရာမှာ အသုံးပြုနိုင်တဲ့ အခြေခံ ကိန်းဂဏန်းတွေအကြောင်း ဆက်လက် ဖော်ပြပါဦးမယ်။


အာရောဂျံပရမံလာဘံ
တက္ကသိုလ်လှမွန်

Read More...

Sunday, March 29, 2009

Poverty Line

၂၉၊ ၃၊ ၂၀၀၉

ဆင်းရဲမျဉ်း

ဆင်းရဲတယ် ဆိုတာကို ၀ိသေသပြု ပြောကြရာမှာ “ကုန်းကောက်စရာ မရှိအောင် ဆင်းရဲတယ်” ဒါမှမဟုတ် “မွဲပြာကျလောက်အောင် ဆင်းရဲတယ်” ဒါမှမဟုတ် “ဖွတ်ကျောပြာစုအောင် ဆင်းရဲတယ်” စသဖြင့် ပြောကြပါတယ်။ တကယ်တော့ အဲဒီ အတိုင်းအတာတွေက သိပ်ပြီး မတိကျလှပေ။ တစ်ခါ နိုင်ငံတစ်နိုင်ငံက အဆင်းရဲဆုံး မိသားစုနဲ့ တခြားနိုင်ငံ တစ်နိုင်ငံက အဆင်းရဲဆုံး မိသားစု ဆင်းရဲပုံ ဆင်းရဲနည်း ကလည်း မတူနိုင်ကြပါ။ အမေရိကားမှာ ဆင်းရဲတဲ့လူ အိမ်ခြေမရှိတဲ့လူက ဘွတ်ဖိနပ်နဲ့ ကုပ်အင်္ကျီအစုပ်တော့ ရှိသေးတယ်။ ကျွန်တော်တို့ နိုင်ငံက ဆင်းရဲတဲ့ လူကတော့ ပုဆိုးစုပ်၊ ကျောဗလာနဲ့ တာရာဖိနပ်တောင် စီးနိုင်ချင်မှ စီးနိုင်လိမ့်မယ်။ တစ်ဖက်မှာ စဉ်းစားဖို့ ကောင်းတာက အေးတဲ့ နိုင်ငံတွေမှာ နေတဲ့လူတွေ အ၀တ်ထူ မရှိရင် အအေးဒဏ်ကြောင့် သေနိုင်ပေမယ့် မြန်မာနိုင်ငံလိုမျိုးမှာတော့ အအေးဒဏ်ကြောင့် သေဖို့ခဲယဉ်းပါတယ်။ ဒါဆို ဆင်းရဲတယ် ဆိုတာကို ကာလံ ဒေသံ အလိုက် ခွဲခြား ပြောကြမလားလို့ တွေးစရာဖြစ်ပါတယ်။ အဲဒီလို အချိန်ကာလ၊ နေရာဒေသတွေ မခွဲခြားပဲ ပြောလို့ရတဲ့ အခြေခံ အကျဆုံးနဲ့ အလွယ်ကူဆုံး တိုင်းတာနည်းကတော့ ဆင်းရဲမျဉ်း (Poverty line) ဖြစ်ပါတယ်။

ဆင်းရဲမျဉ်းရဲ့ အဓိပ္ပါယ်က “လူတစ်ယောက်ဟာ တစ်နေ့ဝင်ငွေ တစ်ဒေါ်လာထက် နည်းပြီး ရရင် ဆင်းရဲပါတယ်” တဲ့။ နောက်ပိုင်း ငွေကြေးဖောင်းပွမှုကို ထည့်သွင်းစဉ်းစားပြီး ပြင်ဆင်လိုက်တာကတော့ “တစ်နေ့ဝင်ငွေ နှစ်ဒေါ်လာအောက်” ဖြစ်သွားပါတယ်။ ဥပမာအားဖြင့် ပြောရမယ်ဆိုရင် မြန်မာနိုင်ငံက လူတစ်ယောက်ဟာ တစ်နေ့ကို ၀င်ငွေ ကျပ် နှစ်ထောင်လောက်မှ မရရင် ဆင်းရဲမျဉ်းအောက်မှာ ရောက်နေတယ်လို့ ပြောလို့ရတယ်။ ဆင်းရဲမျဉ်း အကြောင်းကို လူတိုင်းကြားဖူးနားဝ ရှိပြီးသား ဖြစ်မှာပါ။ ကျွန်တော် ဆက်ပြီး ဆွေးနွေးချင်တာက ဒီ တစ်ဒေါ်လာ နှစ်ဒေါ်လာ ဆိုတဲ့ ကိန်းဂဏန်းတွေ ဘယ်က ရသလဲဆိုတာပါ။

လူတစ်ယောက် အသက်ရှင်သန်ဖို့ရာ အာဟာရဓါတ်လိုပါတယ်။ အာဟာရဓါတ်ကို ကယ်လိုရီ ဆိုတဲ့ ယူနစ်နဲ့ တိုင်းတာပြီး လူကြီးတစ်ယောက်ရဲ့ တစ်နေ့ အာဟာရလိုအပ်ချက်ဟာ ပျမ်းမျှခြင်းအားဖြင့် ၂၂၀၀ ကယ်လိုရီ ရှိတယ်လို့ သိပ္ပံပညာရှင်တွေက လက်ခံထားကြပါတယ်။ တစ်နေ့ကို ကယ်လိုရီ ၂၂၀၀ ထက်ပိုပြီး စားသောက်ခဲ့ရင် ပိုလျှံ ကယ်လိုရီတွေကို ခန္ဓာကိုယ်က အဆီအဖြစ် ပြောင်းလဲပြီး သိမ်းထားပါတယ် (ဥပမာ - အဆီစုပြီး ဗိုက်ပူလာတာမျိုး)။ တစ်နေ့ကို ကယ်လိုရီ ၂၂၀၀ ပြည့်ဝအောင် မစားနိုင်ခဲ့တဲ့ အခါမျိုးမှာတော့ အရင်က သိမ်းဆည်းထားတဲ့ အဆီဓါတ်တွေကနေ အာဟာရဓါတ်ကို ပြန်လည် ထုတ်ယူပါတယ်။ အဆီဓါတ်တွေ ကုန်ခမ်းသွားပြီ ဆိုရင်တော့ အသားဓါတ် (ဥပမာ - ကြွက်သားလိုမျိုး) တွေကနေ ကယ်လိုရီကို ထုတ်ယူသုံးဆွဲရပြန်ပါတယ်။ ဒါကြောင့်ပဲ အချိန်ကြာကြာ အာဟာရ ချို့တဲ့သူတွေကို အရိုးပေါ်အရေတင် ပုံသဏ္ဍန်မျိုး မြင်ရတာပါ။

အဲဒီတော့ကာ တစ်နေ့တာ လိုအပ်တဲ့ ကယ်လိုရီ ၂၂၀၀ ရရှိဖို့ ဘယ်လိုအစားအသောက်တွေ စားရမလဲ၊ အဲဒီ အစားအသောက်တွေကို ၀ယ်ယူဖို့အတွက် ငွေကြေး ဘယ်လောက် ကုန်ကျမလဲ ဆိုတာကို တွက်ချက်ပါတယ်။ ယနေ့ ကုန်ဈေးနှုန်းတွေအရ ကယ်လိုရီ ၂၂၀၀ ရဖို့အတွက် ငွေ နှစ်ဒေါ်လာ လောက် ပေးရတယ်လို့ သိရပါတယ်။ ဒါကြောင့်ပဲ လူတစ်ယောက်ဟာ တစ်နေ့ ငွေနှစ်ဒေါ်လာလောက်မှ မ၀င်ရင် လုံးဝကို ဆင်းရဲပါတယ်လို့ သတ်မှတ်လိုက်တာပါ။

ဆွေးနွေးချက်


တစ်နေ့ တစ်ဒေါ်လာတောင် မ၀င်ဖူး၊ နှစ်ဒေါ်လာတောင် မ၀င်ဖူး ဆိုပြီး ပြောနေတာတွေကို ဖန်တရာတေအောင် ကြားရဖူးပါတယ်။ ဒါပေမယ့် သူတို့ ပြောချင်တဲ့ သဘောတရားဟာ သိပ်ပြီးမမြင်သာဘူး။ တကယ့် အနှစ်သာရဖြစ်တဲ့ ကယ်လိုရီ ၂၂၀၀ ပြည့်အောင် မစားနိုင်တဲ့ လူတွေပါလားလို့ သိလိုက်တဲ့ အခါမှာတော့ …. ဒီအတိုင်းသာ ရက်တွေ လတွေ ကြာလာရင် အရိုးပေါ် အရေတင်ဖြစ်လာမယ် ဆိုတာကို မျက်စိထဲ ကွက်ကွက်ကွင်းကွင်း မြင်လာပါတယ်။

ဒါက စား-၀တ်-နေ ရေး ဆိုတဲ့ အရေးသုံးပါးမှာ စားရေး ကိုပဲ ပြောနေတာကို သတိချပ်ကြည့်မယ်ဆိုရင် တစ်နေ့ဝင်ငွေ ကျပ်နှစ်ထောင်အောက်သာ ရတဲ့ မြန်မာနိုင်ငံသားတွေရဲ့ ဘ၀ဟာ ဘယ်လောက် စိုးရိမ်စရာ ကောင်းမလဲဆိုတာ စာရှုသူတို့ တွေးသာကြည့်ပါတော့။

Read More...

Wednesday, March 11, 2009

Open Course Ware

(သို့မဟုတ်)

အင်တာနက်ပေါ်က ပညာဒါန



Open Course Ware ဆိုတာဘာလဲ။

‘အိုးပင်းကို့စ်ဝဲ’ ဆိုသည်မှာ ကမ္ဘာအရပ်ရပ်ရှိ တက္ကသိုလ်များတွင် သင်ကြားလျက်ရှိသော သင်တန်းများကို အင်တာနက်မှတဆင့် အခမဲ့ ဖြန့်ဖြူးပေးသောနေရာ ဖြစ်သည်။ ဤဆောင်းပါးကို ရေးသားချိန်တွင် နိုင်ငံပေါင်း ၃၀ မှ တက္ကသိုလ် နှင့် အဖွဲ့အစည်းပေါင်း ၂၀၀ ကျော်တို့က ကမ္ဘာအရပ်ရပ်ရှိ ပြည်သူတို့အား အဆင့်မြင့် ပညာရပ်များ ဝေမျှပေးနိုင်ရန် ရည်ရွယ်ပြီး ပညာဒါနပြုလျက်ရှိသည်။

ဘယ်တက္ကသိုလ်တွေပါလဲ။

ပညာဒါနပြုရာတွင် ပါဝင်သော စာရှုသူတို့နှင့် ရင်းနှီးပြီးဖြစ်မည့် တက္ကသိုလ် အချို့မှာ -

ဘယ်လိုသင်ကြားပေးတာလဲ။

ပညာဒါနပြုရာတွင် ပါဝင်သော တက္ကသိုလ်များက ၄င်းတို့၏ တက္ကသိုလ်များ၌ အခကြေးငွေယူကာ သင်ကြားနေသော ဘာသာရပ်များထဲမှ အနည်းဆုံး ၁၀ ခုကို ရွေးချယ်ပြီး အင်တာနက်ပေါ်တွင် တင်ပေးထားရသည်။ ထိုသို့တင်ရာတွင် သင်ရိုးညွှန်းတမ်း၊ မှတ်စု၊ ရည်ညွှန်းစာအုပ် နှင့် စာတမ်းများ စာရင်း၊ ပါဝါပွိုင့်ဆလိုဒ်များ၊ ဆရာများ၏ တိုက်ရိုက်ပို့ချချက် အသံ နှင့် ဗီဒီယိုဖိုင်များ စသည်တို့ ပါဝင်သည်။ မည်သူမဆို ထို သင်-ထောက်-ကူ ဖိုင်များကို အခမဲ့ ရယူသုံးစွဲ၍ မိမိဖာသာ လေ့လာရမည်ဖြစ်သည်။

မှတ်ပုံတင် စာရင်းသွင်းရန် လိုအပ်ပါသလား။

လုံးဝမလိုအပ်ပါ။ မည်သူမဆို အသုံးပြုနိုင်ပါသည်။

ဘယ်လိုဘာသာရပ်များ ပါဝင်ပါသလဲ။

စီးပွားရေး၊ နိုင်ငံရေး၊ ဘာသာရေး၊ ပညာရေး၊ လူမှုရေး၊ စက်မှု၊ ကွန်ပြူတာ၊ ကျန်းမာရေး စသဖြင့် အမျိုးအစား စုံလင်စွာပါရှိသည်။ တက္ကသိုလ်များက မိမိတို့ ကျွမ်းကျင်ရာ ဘာသာရပ်များကို တင်ထားပေးတတ်သည်။ စာကိုး စာရင်းပါ ၀က်ဆိုဒ် လင့်များမှတဆင့် သွားရောက် လေ့လာ ရှာဖွေနိုင်သည်။

အင်တာနက် လိုအပ်ပါသလား

လိုအပ်ပါသည်။ အသံ နှင့် ဗီဒီယို ဖိုင်များကို တိုက်ရိုက် ဖွင့်ရန်အတွက်မူ အင်တာနက် မြန်နှုန်းမြင့်ရန် လိုအပ်သည်။ သို့ရာတွင် မှတ်စုများ၊ ပါဝါပွိုင့် ဆလိုဒ်များ၊ အသံ နှင့် ဗီဒီယို ဖိုင်များကို ဒေါင်းလုပ် လုပ်ထားပါက အင်တာနက် မရှိသော်လည်း ကွန်ပြူတာတွင် ဖွင့်ပြီး လေ့လာနိုင်သည်။

ဘာကြောင့် အလကားပေးတာလဲ။

မက်ဆာချူးဆက် စက်မှုတက္ကသိုလ်က စတင်ကာ ‘မည်သူမဆို အဆင့်မြင့်ပညာ သင်ကြားနိုင်ခွင့် ရရှိရေး’ ဆိုတဲ့ ရည်ရွယ်ချက်ကောင်းနဲ့ ဆောင်ရွက်တာဖြစ်ပါတယ်။ နောက်ပိုင်းမှာ တခြား တက္ကသိုလ်တွေလည်း ပါဝင်လာပြီး ဒီစီမံချက်ကို ငွေကြေးထောက်ပံ့တဲ့ အဖွဲ့အစည်းတွေပါ ပေါ်လာပါတယ်။ ဒါကြောင့် ဆက်လက်ပြီး ပညာဒါန ပေးနေနိုင်တာပါ။ သင်လည်း အလှူငွေ ထည့်ဝင်ချင်ရင် ထည့်ဝင်လို့ ရပါတယ်။

အလကားပေးတာဆိုတော့ အရည်အသွေး ကောင်းပါ့မလား။

စာရေးသူ၏ ကိုယ်တွေ့အရ ဆိုလျှင် အခကြေးငွေယူ သင်ပေးသော သင်တန်းများတွင် အသုံးပြုသည့် သင်ရိုးညွှန်းတမ်း၊ ဆလိုဒ်၊ မှတ်စုများ အတိုင်း ‘အိုးပင်းကို့စ်ဝဲ’ တွင် တင်ပေးထားကြောင်း တွေ့ရသည်။ အချို့တက္ကသိုလ်များ (ဥပမာ - ကာလီဖိုးနီးယား တက္ကသိုလ် - ဘာကလေ) တွင် အခကြေးငွေယူ သင်ပေးသော သင်တန်း လက်ချာများကို ဗီဒီယို ရိုက်ကာ တင်ပေးထားသဖြင့် အတန်းထဲတွင် သွားကာ တက်နေရသကဲ့သို့ပင် ရှိသည်။

ဒါဆို ဘာလို့ ကျောင်းလခပေး တက်နေတော့မလဲ။

အင်မတန် မေးသင့်တဲ့ မေးခွန်းပါ။ ကျောင်းလခပေး တက်တာနဲ့ ကွာခြားတာလေးတွေတော့ ရှိပါတယ်။ ကျောင်းလခပေး တက်ရင် မရှင်းလင်းသည်များ ရှိပါက ဆရာ၊ ဆရာမတွေကို တိုက်ရိုက် မေးမြန်းနိုင်ပါတယ်။ ‘အိုပင်းကို့စ်ဝဲ’ မှာတော့ ဘယ်သူကမှ လာပြီး ရှင်းပြနေမှာ မဟုတ်ပါ။ မိမိဖာသာ နားလည်အောင် ဖတ်ရှုလေ့လာရပါမယ်။ ကိုယ်ထူကိုယ်ထ ဆိုပါတော့။

နောက်တစ်ချက် ကွာခြားတာက ‘အိုပင်းကို့စ်ဝဲ’ မှာ လေ့လာပြီးသွားလို့ ဆိုပြီး အဆိုပါ တက္ကသိုလ်ကို ဘွဲ့၊ အောင်လက်မှတ်ပေးဖို့ သွားတောင်းလို့ မရပါ။ ဥပမာ - မိမိက အမ်အိုင်တီက ဘာသာရပ်တစ်ခုကို ‘အိုပင်းကို့စ်ဝဲ’ မှာလေ့လာပြီးသွားတာနဲ့ မိမိကို အမ်အိုင်တီက အသိအမှတ်ပြုလိုက်ပြီ လို့ သွားပြောလို့ မရပါ။

အသိအမှတ်ပြုလည်း မခံရ၊ ဘွဲ့လည်း မရ၊ အောင်လက်မှတ်လည်း မရဆိုတော့ ဘာလို့ လေ့လာနေမလဲ။

ဒါလည်း ဖြစ်တာပါပဲ။ ဘာမှ မလေ့လာပဲ အေးအေးဆေးဆေး နှပ်နေလည်း ဘယ်သူက ဘာပြောမှာလိုက်လို့။ သို့သော် ... အသိအမှတ်ပြု မခံရပေမယ့် ပညာရပ် ဆိုင်ရာ ဗဟုသုတ တိုးတက်ပါတယ်။ မိမိရဲ့ ပညာဗဟုသုတ တိုးတက်ရေးအတွက် ကြိုးစားလိုစိတ်ရှိသူတွေ၊ နိုင်ငံခြားထွက် ပညာသင်ဖို့ရာ အခက်အခဲ ရှိနေသူတွေ အတွက် အဆင့်မြင့် ပညာရေး အလှမ်းမဝေးကြောင်း လက်တို့လိုက်ရခြင်းသာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာ ရှိသူတွေ အနေနဲ့ ‘အိုပင်းကို့စ်ဝဲ’ ကတဆင့် လေ့လာရာမှာ ဘာအခက်အခဲတွေ ရှိနိုင်သလဲ။

အင်္ဂလိပ်စာ၊ ကွန်ပြူတာ၊ အင်တာနက် အသုံးပြုတတ်ဖို့ နဲ့ အင်တာနက်မြန်နှုန်းမြင့်ဖို့ လိုပါတယ်။ အဲဒါတွေထက် အရေးကြီးတာက အချိန်မှန် လေ့လာသွားဖို့ပါ။ ကိုယ့်ကို ဘယ်သူကမှ ကြီးကြပ်နေတာ မဟုတ်လို့ ပေါ့ပေါ့လျှော့လျှော့နဲ့ လေ့လာချင်တဲ့ အချိန် လေ့လာ၊ ပစ်ထားချင်တဲ့ အချိန် ပစ်ထားလိုက်ဆိုရင်တော့ သိပ်မထူးပါ။ နောက်ထပ် ရှိနိုင်တဲ့ အခက်အခဲ တစ်ခုက ရည်ညွှန်းစာအုပ်၊ စာတမ်းများ ရရှိနိုင်ရေးပါ။ ဒါကတော့ ဘာသာရပ်ပေါ်မူတည်ပြီး မြန်မာပြည်က စာကြည့်တိုက်တွေမှာ ဖြစ်ဖြစ် အင်တာနက်မှာ ဖြစ်ဖြစ် ရှာဖွေ ရနိုင်ပါတယ်။ နိုင်ငံခြား တက္ကသိုလ်တွေမှာ တက်ရောက်နေတဲ့ အသိမိတ်ဆွေတွေရှိရင် သူတို့ကတဆင့်လည်း ရှာဖွေနိုင်ပါတယ်။

မူပိုင်ခွင့်ကို ဘယ်လို သတ်မှတ်ထားပါသလဲ။

အင်တာနက်ပေါ် တင်ပေးထားသော ‘အိုးပင်းကို့စ်ဝဲ’ ဆိုင်ရာ ဖိုင်များနှင့် ပတ်သက်သည့် မူပိုင်ခွင့်ကို တက္ကသိုလ် တစ်ခုချင်းစီက ရှင်းလင်းစွာ ဖော်ပြထားသည်။ အနိမ့်ဆုံး အောက်ထစ်အားဖြင့် ထိုဖိုင်များကို အခမဲ့ ပြန်လည် ဖြန့်ဖြူးခွင့်ရှိသည်။ ထိုသို့ ဖြန့်ဖြူးရာတွင် မူရင်းဖိုင်ကို မည်သည့်နေရာမှ ရရှိသည်ဟု အတိအကျ ဖော်ပြရန်လိုအပ်သည်။ နဂို မူလဖိုင်များကို ပြင်ဆင်ခွင့်မရှိ။ အချို့ တက္ကသိုလ်များကမူ ပြင်ဆင်ခွင့် ပေးသည်။ သို့သော် မိမိ ပြင်ဆင်ပြီးသော ဖိုင်များကို ဆက်လက်၍ အခမဲ့ ဖြန့်ဖြူးပေးရမည် ဖြစ်သည်။

အာရောဂျံ ပရမံ လာဘံ
တက္ကသိုလ် လှမွန်

စာကိုး။
http://www.ocwconsortium.org
http://en.wikipedia.org/wiki/OpenCourseWare
http://en.wikipedia.org/wiki/MIT_OpenCourseWare

Read More...

Tuesday, March 10, 2009

My Journey of Public Health

Beginning of the beginning


၁၀၊ ၃၊ ၂၀၀၉
(တပေါင်းလပြည့်နေ့)

ကျွန်ုပ်လျှောက်ခဲ့သော ပြည်သူ့ကျန်းမာ ခရီးလမ်း
နိဒါန်းရဲ့ အစ (၁)

နိဂုံးရဲ့အစ ကို ရေးပြီးနောက် ကျွန်ုပ်လျှောက်ခဲ့သော ပြည်သူ့ကျန်းမာ ခရီးလမ်း နိဒါန်းပိုင်းရဲ့ အစကို ရေးဖို့ စိတ်ကူးရလာပါတယ်။ ကြားထဲက အချိန်ကွက်လပ်တွေကိုတော့ ဖြည်းဖြည်းချင်း ဖြည့်သွားပါမယ်။

ကျွန်ုပ် ဆေးကျောင်းတက်ဖို့ ဆုံးဖြတ်ချက် ဘယ်လို ချဖြစ်သွားတယ်ဆိုတဲ့ အကြောင်းကိုတော့ ဘ၀တစ်ဆစ်ချိုး ဆိုတဲ့ ပို့စ်မှာ ရေးခဲ့ပါတယ်။ တကယ်တန်း ဆေးကျောင်းတက်ရတဲ့ အခါမှာတော့ သိပ်မပျော်ပေ။ ကိုင်ပေါက်လျှင် သေနိုင်လောက်သည့် စာအုပ် အထူကြီးများ၊ မိတ္တူကိုပင် မိတ္တူ ပြန်ကူးထားရသည့် မှုန်ဝါးဝါး ရုပ်ပုံစာအုပ်များ၊ ရိုမန်နှင့် ဂရိ နတ်ဘုရားများရဲ့ အမည်များ နှင့် သူတို့ရဲ့ အံ့မခန်း တန်ခိုး ဣဒ္ဓိပါဒ်များ၊ ဆေးဝါး သမိုင်း မှတ်တမ်းဝင် ပုဂ္ဂိုလ်ကြီးများ၏ မှတ်သားရ ခက်သော အနောက်တိုင်း အမည်များ၊ တစ်ခါမှ မစားဖူး မမြင်ဖူးသော အစားအသောက်များ၏ အနံ့ အရသာများနှင့် နှိုင်းယှဉ် သင်ပြသော ရောဂါ အခြေအနေများ၊ အီလက်ထရွန်းနစ် အဏုကြည့်မှန်ဘီလူး (အဲဒီတုန်းက ဆေးကျောင်းမှာ ဒီလို အဏုကြည့်မှန်ဘီလူး တစ်ခုမှမရှိ) ဖြင့် ကြည့်မှ မြင်နိုင်သော အကောင်ပလောင်များ၊ ဇာစ်မြစ် မသိသော ရောဂါများ နှင့် အဖြေ မရေရာ လှသော ကုထုံးများကြားမှာ စာရေးသူတစ်ယောက် ဂျင်ခြေလည်နေသည်။ ဘယ်လိုမှလည်း စိတ်ဝင်စားကြည့်လို့မရ။ စာထဲတွင် စိတ်မ၀င်စားလှသဖြင့် အမှတ်တွေကလည်း မကောင်း၊ တစ်နှစ်တစ်တန်း မှန်မှန်အောင်ဖို့ကိုပင် အတော်ကြီး ကြိုးစားနေရသည်။

အဲဒါတွေကို ညည်းတွားမိတော့ မိခင်ဖြစ်သူက ဒီလိုနှစ်သိမ့်သည်။ “ဆေးကျောင်းတော့ ပြီးအောင်တက်ပါ၊ ပြီးရင် ကြိုက်ရာလုပ်ပါ” တဲ့။ ပြီးတော့ “ဆေးကျောင်းမှာ သင်ရတဲ့ ပညာတွေက တခြား ကဏ္ဍတွေမှာလည်း အသုံးတည့်ပါတယ်” လို့ ဆိုတယ်။ ဒီလိုနဲ့ စိတ်မသက်မသာ ဖြစ်ရုံမှတစ်ပါး အခြားရွေးစရာလမ်းလည်း မမြင်ခဲ့လေတော့ အရှိန်နဲ့ ဆက်လှိမ့်လို့ နေရပါတယ်။

၁၉၉၃ နောက်ဆုံးနှစ် အပိုင်း(က) ရောက်တဲ့ အခါမှာ စိတ်မ၀င်စားဆုံး ဘာသာများထဲက စိတ်အ၀င်စားဆုံး ဘာသာရပ် နှစ်ခုက မိတ်ဆက်လာပါတယ်။ ဥပဒေရေးရာဆေးပညာ (Forensic Medicine) နဲ့ ကာကွယ်ရေးနှင့်လူမှုရေးဆေးပညာ (အတိုကောက်။ ။ ကာကွယ်လူမှုဘာသာရပ်) (Preventive and Social Medicine) တို့ပဲ ဖြစ်ပါတယ်။ ကာကွယ်လူမှုဘာသာရပ် ကို တခြား တက္ကသိုလ်တွေမှာ ပြည်သူ့ကျန်းမာ ဘာသာရပ်လို့ ခေါ်ပါတယ်။ ပြည်သူ့ကျန်းမာ ဘာသာရပ်ကို စိတ်ဝင်စားကြောင်း မိခင်ကို ပြောမိတော့ သူလည်း ငယ်ငယ်က စိတ်ဝင်စားခဲ့ဖူးကြောင်း၊ အစိုးရ အလုပ်တွေ အပြင် အစိုးရ မဟုတ်တဲ့ နယ်စည်းမခြားဆရာဝန်များ (Doctors without borders) လို့ အမည်ရတဲ့ အန်ဂျီအိုအဖွဲ့တွေ ရှိကြောင်း၊ သူ့မိတ်ဆွေ တစ်ဦးဖြစ်တဲ့ ဒေါက်တာနွယ်နွယ်အေး ဆိုရင် မြန်မာပြည်က နယ်စည်းမခြားဆရာဝန်များ အဖွဲ့မှာ အလုပ်လုပ်နေကြောင်း၊ အဆင်သင့်လျှင် မိတ်ဆက်ပေးပါမည့် အကြောင်း ပြောပြပါတယ်။

“နယ်စည်းမခြားဆရာဝန်များ” ဆိုတဲ့ အမည်က ကျွန်ုပ်ရင်ကို ကိုင်လှုပ်သွားပါတယ် လို့ ပြောရင် လွန်မယ် မထင်ပါ။ ခေါင်းထဲတွင် ဘတ်သီးများလင်းပြီး အမှန်အကန်ပင် စိတ်ဝင်စားသွားလေသည်။ ပြည်သူ့ကျန်းမာရေး၊ နယ်စည်းမခြားဆရာဝန်များ နှင့် ဒေါက်တာနွယ်နွယ်အေး ဆိုသည့် စကားစုများ (key words) အတွေးထဲက တော်တော်နှင့် မထွက်တော့။ ဆေးကျောင်းပြီးလို့ ဘွဲ့ရရင် တကမ္ဘာလုံးလှည့်ပြီး ဆေးကုရတဲ့ အလုပ် လုပ်ရရင် .. ဆိုပြီး စိတ်ကူးများယဉ်လို့ နေပြန်သည်။ ကာကွယ်လူမှု အတန်းကိုလည်း (အခြားသူငယ်ချင်းများ ပျော်ပျော်ကြီး လစ်နေချိန်မှာ) အချိန်မှန် တက်ဖြစ်သည်။ စာကိုလည်း စိတ်ဝင်တစားဖတ်ပြီး အိမ်စာများကိုလည်း ပုံမှန်လုပ်ဖြစ်သည်။

ဆေးကျောင်းရှိ ကာကွယ်လူမှု ဘာသာရပ်မှာက အတန်းတွင်း စာသင်ရခြင်းအပြင် ကွင်းဆင်းလေ့လာရသည့် ကဏ္ဍလည်း ပါဝင်သည်။ ကျောင်းသားများကို အဖွဲ့ငယ်များဖွဲ့ပေးကာ မြို့နယ်၊ တိုက်နယ် နှင့် ကျေးလက် ကျန်းမာရေးဌာနများသို့ ကိုယ်တိုင်ကွင်းဆင်းပြီး မြန်မာနိုင်ငံ၏ ကျန်းမာရေး စောင့်ရှောက်မှုစနစ်ကို လေ့လာစေခြင်းပင်။

ကျောင်းသား၊ ကျောင်းသူ ၂၅၀ ကျော်ရှိသဖြင့် ၇ယောက် ၈ယောက်ခန့်ပါသော အဖွဲ့ငယ်များဖွဲ့ကာ သက်ဆိုင်ရာ မြို့နယ်များကို သွားရောက်ရသည်။ ထိုသို့ အဖွဲ့ ဖွဲ့ရာတွင် ဆရာများက ယောက်ျားလေး၊ မိန်းကလေး မျှမျှတတ ပါဝင်ရန်မှတစ်ပါး ဘာမှ မစွက်ဖက်သဖြင့် ကျောင်းသား ကျောင်းသူများ စိတ်တိုင်းကျ စုစည်းခွင့်ရကြလေသည်။ ကျန်းမာရေး စောင့်ရှောက်မှု စနစ်ကို သွားရောက် လေ့လာရန်ဆိုသည့် မူလရည်ရွယ်ချက်ကို ဘယ်လောက် စိတ်ဝင်စားကြသလဲ ဆိုတာကို ပြောရခက်ပေမယ့် မိဘအုပ်ထိမ်းသူများနှင့် ဝေးရာ လွတ်မြောက်နယ်မြေသို့ သူငယ်ချင်းများနှင့် သွားရမည့်အတွက် ပျော်ရွှင် တက်ကြွနေကြသည်ကတော့ သိသာလှသည်။ ဒီကြားထဲ အဖွဲ့ငယ် ဖွဲ့စည်းရေးတွင် လျှို့ဝှက် ရည်ရွယ်ချက် (hidden agenda) နှင့် လှုပ်ရှားကြသူများကလည်း ရှိတတ်ကြသေးသည်။ ဟိုဘက် ဒီဘက် လွန်ဆွဲကြသည်များကလည်း မရှားလှ။ ရေးရင်တော့ ဒီအကြောင်းကပင် စာတစ်ပုဒ် ဖြစ်တော့မည်။ ထားတော့။

အချိန် ၄ ပတ်ခန့် ကွင်းဆင်း လေ့လာနေရင်း သုတေသန အချက်အလက်များပါ တစ်ပါတည်းကောက်ယူရမည်။ သုတေသန ခေါင်းစဉ်က “သက်ကြီးရွယ်အိုကျန်းမာရေး”။ အသက် ၆၀ ကျော် အဖိုးအဖွားများ မည်သို့ နေထိုင်စားသောက်နေကြသည်၊ ကျန်းမာရေး အခြေအနေ မည်သို့ရှိသည် စသည်တို့ကို မေးမြန်း၊ စမ်းသပ်ကာ မှတ်တမ်းတင်ရမည်။ ကိုယ့်သက်ဆိုင်ရာ အဖွဲ့ငယ်အလိုက် တာဝန်ကျရာ မြို့နယ်တွင် လူတွေ့မေးမြန်းပြီး ရလာသည်များကို စုပေါင်းကာ မြန်မာနိုင်ငံရှိ သက်ကြီးရွယ်အိုများ၏ ကျန်းမာရေးကတော့ဖြင့် မည်သို့ အခြေအနေ ရှိနေပါသည် ဟု အဖြေထုတ် ကောက်ချက်ချရန်ဖြစ်သည်။

သုတေသန ပြုရန် လိုအပ်ချက်များကို အတန်းထဲတွင် စာတွေ့သင်ပြီး ကွင်းဆင်းလျှင်တော့ လက်တွေ့ဆောင်ရွက်ရမည် ဖြစ်သည်။ အိမ်ခြေစာရင်း ပြုစုပုံ၊ ကျပန်းစနစ်ဖြင့် လူတွေ့မေးမြန်းမည့်အိမ် ရွေးချယ်ပုံ၊ ပါဝင်သင့်သည့်မေးခွန်းများ၊ မေးပုံမေးနည်း၊ တိုင်းတာရေး ကိရိယာများ (ပေါင်ချိန်စက်၊ သွေးပေါင်ချိန်စက် စသည်များ) တိကျမှုရှိမရှိ စစ်ဆေးခြင်း စသည်တို့ကတော့ မရှိမဖြစ် ကြိုတင်ပြင်ဆင်ရသည့် အချက်များပင်။

ထိုသို့ ကြိုတင် ပြင်ဆင်ရေးအတွက် ဆွေးနွေးချိန်များတွင် မရှင်းလင်းသည့် အချက်များကို စာရေးသူက ဆရာ့အား ပြန်လှန်မေးခွန်းများ မေးလေ့ရှိသည်။ ဆွေးနွေးချိန် မြန်မြန်ပြီးပြတ်ပြီး အိမ်ပြန်လိုကြသော သူငယ်ချင်းအချို့ကမူ “ဒီကောင် .. လျှာရှည်လိုက်တာ၊ ဟိုရောက်ရင် အဆင်ပြေသလို လုပ်လိုက် ပြီးတာပဲ ဆရာတွေလည်း သိမှာမှ မဟုတ်တာ” ဟု စိတ်ထဲက ကျိန်ဆဲနေကြသည်။ ရံဖန်ရံခါ နှုတ်မှပင် ထုတ်ဖော်ကာ ထောမနာ ပြုတတ်ကြသည်။ အချင်းချင်း မျက်စပစ်ကြသည်။ ကျွန်ုပ်ကတော့ စိတ်ဝင်စားသည့် ပြည်သူ့ကျန်းမာ ဘာသာရပ်ကို လက်တွေ့ဆင်းရာတွင် တတ်နိုင်သရွေ့ တိကျချင်သည်၊ လုပ်တတ်ချင်သည်။ သို့သော် ထိုစိတ်ဓါတ်ကား ထိုအချိန်က ဆေးကျောင်းပတ်ဝန်းကျင်နှင့် သိပ်ပြီး သဟဇာတ မဖြစ်လှ။ ပြည်သူ့ကျန်းမာဘာသာရပ် ဆိုသည်မှာ ဆေးပညာ၊ ခွဲစိတ်၊ သားဖွားမီးယပ်၊ ကလေး စသည့် အထူးကု ဆရာဝန် အလုပ် မလုပ်ဖြစ်တော့မှ နောက်ဆုံး (မတတ်သာ၍) ရွေးချယ်ရသည့် (ရွေးချယ်ကြသည့်) လမ်းဟု ထင်မှတ်မှားကာ ဆေးကျောင်းသား အများစု၏ အထင်သေးခြင်းကို ခံနေရသော အချိန်ဖြစ်သည်။ ဘယ်သူတွေ ဘယ်လိုပြောပြော ဘယ်လိုနှာခေါင်းရှုံ့ရှုံ့ စာရေးသူကတော့ ခေါင်းခပ်မာမာဖြင့် ဇွတ်ပေကာ မေးခွန်းများမေးဆဲ လုပ်ရမည့် ကိစ္စများကို တိတိကျကျ လုပ်ဆဲပင်။ ရလာဒ်ကတော့ နာမည်သစ် “မောင်ရစ်”။

လွန်ခဲ့တဲ့ ၁၅ နှစ် ဒီလို တပေါင်းလပြည့် အချိန်မျိုးမှာပဲ လက်တွေ့ ကွင်းဆင်းရမည့် အချိန် ရောက်လို့လာသည်။ သွားရမည့်နေရာက ပဲခူးတိုင်း၊ ပေါင်းတည်မြို့နယ်။ အဖွဲ့ဝင်က စုစုပေါင်း ၇ ဦး။

(ဆက်ရန်)

Read More...

Monday, March 9, 2009

Song bird

၉၊ ၃၊ ၂၀၀၉

ဥသြ အလွမ်း

အတန်းကျောင်းလည်းမက တက္ကသိုလ်လည်း မကျသည့် ဒီပတ်ဝန်းကျင်မှာ ဆယ်စုနှစ် တစ်ခု မက ကျင်လည်ခဲ့လေသည်။ ထမင်းမစား ဟင်းမစား အဆင့်ကနေ၊ ကျောင်းစစ် အတန်းတင် စာမေးပွဲတွေ၊ မြို့နယ်စစ် စာမေးပွဲတွေ၊ အစိုးရစစ် စာမေးပွဲတွေ စသဖြင့် တစ်ခုပြီး တစ်ခု ကျော်ဖြတ်ကာ ခြံစည်းရိုး တစ်ခုသာခြားသည့် တက္ကသိုလ်ကို ရောက်ခဲ့ရပြန်သည်။ ပုံမှန်အားဖြင့် ၃ နှစ်လောက်သာ နေရမယ့် တက္ကသိုလ်ကျောင်းမှာ မမျှော်လင့်သော ပိတ်ရက်များ (လများ ဆိုရင် ပိုမှန်မည်) ကြောင့် ၄ နှစ်ကျော် နေခဲ့ရသည်။ စုစုပေါင်း ၁၅ နှစ်လောက် နေခဲ့ရသည် ဆိုတော့လည်း အမှတ်ရစရာများက မနည်းပေ။

အစိုးရ အတန်းကျောင်း ကျောင်းသား ဘ၀တုန်းကတော့ ဖေဖော်ဝါရီ၊ မတ်လ များဟာ တစ်စနဲ့ တစ်စ ပူလာတဲ့ အပူဒဏ်နဲ့ အတူ စာမေးပွဲတွေကိုပါ ခေါ်ခေါ်လာတာပေါ့။ စာမေးပွဲတွေကို ဘယ်လိုကျော်ဖြတ်ခဲ့လဲ ဆိုတာထက် ပိုပြီး အမှတ်ထင်ထင် ရှိနေတာကတော့ အရိုးပြိုင်းပြိုင်း သစ်ပင်ကြီးတွေပေါ်ကနေ ဆွတ်ပျံ့တဲ့ ဥသြ တွန်သံပါပဲ။ အရွက်ကြွေတွေကြားမှာ စာသင်ခန်းရှိရာကို လမ်းလျှောက်သွားရင်ပဲ ဖြစ်ဖြစ်၊ မနက်ပိုင်းဖြေတဲ့ ဘာသာနဲ့ ညနေပိုင်းဖြေတဲ့ ဘာသာကြား ထမင်းစား နားရတဲ့ အခါမျိုးမှာ ဖြစ်ဖြစ်၊ စာမေးပွဲခန်းထဲမှာ အဖြေ စဉ်းစားရင်း ပြူတင်းပေါက်ကနေ ငေးမောရင်း ကြားရတဲ့ ဥသြသံက နားဝင်ချိုလွန်းလှပါတယ်။

တက္ကသိုလ်ရောက်တဲ့အခါ စာမေးပွဲတွေက အမြဲလို ရှိနေတတ်တော့ ငယ်ငယ်တုန်းက အတန်းတင် စာမေးပွဲတွေလောက် ရင်မခုန်တော့တာ အမှန်ပါ။ ဒါပေမယ့်လည်း ဧပြီလ ကျောင်းပိတ်ရက်ရှည် ရှိတော့ မတ်လ - ဒီရာသီရောက်ရင် ကျောင်းနဲ့ ခွဲရတော့မယ် ဆိုတဲ့ အလိုအလျောက် တုန့်ပြန်သိနေမှုကတော့ ပျောက်မသွားပါပေ။ ဥသြသံကလည်း အရင်လို ချိုသာဆွတ်ပျံ့နေဆဲပဲလေ။

ဒီအချိန်ဆို တီတီစီ ကျောင်းဝင်းထဲမှာ အရွက်တွေ ကြွေနေရော့မယ်။ ပင်အိုထက်က ဥသြတွန်သံတွေလည်း ရှိနေဦးမယ်လို့ ထင်ပါရဲ့။ သားစဉ်မြေးဆက် သာယာသံ ပေးနေမယ့် ဥသြငှက်လေးတွေကို ကမ္ဘာတစ်ဖက်ခြမ်းကနေ ကျေးဇူးတင်လိုက်ပါတယ်။

Read More...

Red eye

This is the name of a type of coffee available at my school's cafeteria. It may have been given after red eye flights - flights that leave or arrive after mid-night or very early in the morning. One part espresso and one part coffee. It is great to kick start on a Monday morning.

$2 for a short cup.

Read More...

Sunday, March 8, 2009

Are you going to finish strong?

by Nick Vujicic


This is the video that touched me at the very core of my heart.

Read More...

Wednesday, February 25, 2009

Beginning of the end

Last year this time, I was planning to go and collect primary data in Bangladesh. Then, unexpected things happened. Nargis was one of them. My plan was washed away like a bamboo hut smashed by a huge storm surge.

Then, I recollected my strength and change the course which is not entirely different from the previous one. But, this one would give me a chance to complete the current study program within a realistic timeframe.

I will be working on a great research project called JiVitA - which means "life" in Bangali. Today, I received permission to start working on it.

This is it. Beginning of the end of my doctoral study.

Read More...

Monday, February 23, 2009

Mt. Saramati Trip

၂၃၊ ၂၊ ၂၀၀၉

တက္ကသိုလ်များ ခြေလျင်တောင်တက်အသင်း၏ ၂၀၀၉ ခုနှစ် စာရာမေတိ ခရီး




အမြင့်ပေ ၁၂၅၅၃ ပေ (၃၈၂၅ မီတာ) ရှိ စာရာမေတိတောင်ထိပ်သည် မြန်မာနိုင်ငံ စစ်ကိုင်းတိုင်း နှင့် အိန္ဒိယ နိုင်ငံ နာဂပြည်နယ် တို့၏ နယ်ခြား၊ မြန်မာ ပိုင်နက်အတွင်းတွင် တည်ရှိသည်။ ၁၉၇၁ ခုနှစ်တွင် ဗိုလ်မှူးကြီးလှအောင် (မြန်မာနိုင်ငံ ခြေလျင်တောင်တက်အသင်း တည်ထောင်သူ၊ ပထမ ဥက္ကဋ္ဌ) ပါဝင်သော အဖွဲ့က ထိုတောင်ထိပ်တွင် မြန်မာ-အိန္ဒိယ နယ်ခြားမှတ်တိုင် ကို စိုက်ထူခဲ့သည်။ ထိုနောက်ပိုင်း နှစ်ပေါင်း ၃၀ ကျော်ကြာသည်အထိ မြန်မာပြည်မှ မည်သူမျှ ထပ်မံတက်ရောက်နိုင်ခဲ့ခြင်း မရှိပဲ ၂၀၀၃ ခုနှစ် ဖေဖော်ဝါရီလ ၂၈ရက်တွင်မှ ဒေါက်တာပိုင်စိုး ဦးဆောင်သော မြန်မာနိုင်ငံ ခြေလျင်တောင်တက်အသင်းက အောင်မြင်စွာ တက်ရောက်နိုင်ခဲ့လေသည်။


ယခုနှစ် ဇန်န၀ါရီလ ၂၆ရက်တွင် ဆရာဦးမျိုးသန့် ဦးဆောင်သော တက္ကသိုလ်များ ခြေလျင်တောင်တက် အသင်းကလည်း စာရာမေတိတောင်ထိပ်ကို အောင်မြင်စွာ တက်ရောက်နိုင်ခဲ့ကြောင်း သိရှိရသဖြင့် မိတ်ဆွေများ ဗဟုသုတဖြစ်စေရန် သတင်းစာ ဖြတ်ပိုင်းနှင့်တကွ အမှတ်တရ ဓါတ်ပုံများကို တင်လိုက်ရပေသည်။

သတင်းမှာ ဖေဖော်ဝါရီလ ၁၅ ရက်ထုတ် မြန်မာ့အလင်း သတင်းစာမှ ဖြစ်ပြီး ဓါတ်ပုံများမှာ ခြေလျင်တောင်တက်အသင်းဝင် ကိုအောင်မျိုး၏ ဓါတ်ပုံများဖြစ်ပါသည်။


စာရာမေတိတောင်ကို အောင်နိုင်ကြသူများ


တွေ့ဆုံမေးမြန်းသူ - မောင်မောင်မြင့်ဆွေ


တောင်တက်ခြင်းကား ကျန်းမာခြင်း၊ ကြံ့ခိုင်ခြင်းတို့ကို အထောက်အကူ ပြုသည့်အပြင် စိတ်ပိုင်းနှင့် ရုပ်ပိုင်းဆိုင်ရာ ခိုင်မာသန်စွမ်းခြင်းကို ကြီးမားစွာ ဖြည့်ဆည်းပေးနိုင်သည်။ ထို့ကြောင့် တောင်တက်ခြင်းသည် ယနေ့ခေတ် လူမှုဘ၀၌ ခေတ်စားလာသည်။

တွေ့ဆုံ


မကြာမီ ရက်ပိုင်းအတွင်းက တက္ကသိုလ်များခြေလျင်နှင့် တောင်တက်အသင်းက စာရာမေတိတောင်ထိပ်သို့ အောင်မြင်စွာ တက်ရောက်နိုင်ခဲ့ကြသည်ဟူသော သတင်းကြောင့် တောင်တက်အဖွဲ့ကို ဦးဆောင်တက်ရောက်ခဲ့ကြသူများနှင့် တွေ့ဆုံမေးမြန်းရာ “စစ်ကိုင်းတိုင်း ခန္တီးခရိုင် လေရှီးမြှိုနယ် အနောက်ဘက် တောင်တန်းဒေသ အိန္ဒိယ-မြန်မာ နယ်နိမိတ်မျဉ်းပေါ်မှာ ရှိတဲ့ စာရာမေတိတောင် (နွယ်မောက်တောင်) ကို တက်ရောက်ခဲ့ကြတာဖြစ်တယ်။ စာရာမေတိတောင်ဟာ အမြင့်ပေ ၁၂၅၅၃ ပေရှိပြီး ခက်ခဲကြမ်းတမ်းတဲ့ တောင်တက်ခရီးလည်း ဖြစ်ပါတယ်” ဟု တောင်တက်အဖွဲ့ ခေါင်းဆောင် ရန်ကုန်တက္ကသိုလ် မြန်မာစာဌာန တွဲဖက်ပါမောက္ခ ဦးမျိုးသန့်က မြန်မာ့အလင်းသို့ ရှင်းပြသည်။

၂၂ ဦးပါဝင်


တက္ကသိုလ်များ ခြေလျင်နှင့်တောင်တက်အသင်း ဥက္ကဋ္ဌလည်းဖြစ်သူ ဦးမျိုးသန့် ခေါင်းဆောင်သော တောင်တက်အဖွဲ့တွင် စုစုပေါင်း ၂၂ ဦး ပါဝင်ပြီး အမျိုးသား ၁၅ ဦး အမျိုးသမီး ခုနစ်ဦးတို့ ပါဝင်ကြသည်။

“တောင်တက်အဖွဲ့မှာပါတဲ့ အဖွဲ့ဝင်တွေကတော့ ပဲခူး ဒီဂရီကောလိပ်၊ ထားဝယ် တက္ကသိုလ်၊ မန္တလေး အဝေးသင်တက္ကသိုလ်၊ ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ်၊ ရန်ကုန်အနောက်ပိုင်း တက္ကသိုလ်၊ သူနာပြု တက္ကသိုလ်နဲ့ ရန်ကုန် တက္ကသိုလ်တို့က တောင်တက်အဖွဲ့ဝင်တွေ ပါဝင်ခဲ့ပါတယ်။ စာရာမေတိတောင်ထိပ်ကို မတက်ရောက်ဖူးရင် တောင်တက်သမား အစစ်မဟုတ်ဘူးလို့ မြန်မာနိုင်ငံခြေလျင်တောင်တက်အဖွဲ့ချုပ် ဥက္ကဋ္ဌဟောင်းတစ်ဦးက ပြောသလို အမှန်ပင် တက်ရောက်ရခက်ခဲတဲ့ တောင်ထိပ်လည်းဖြစ်ပါတယ်” ဟု ဦးမျိုးသန့်က ဆက်လက်ရှင်းပြသည်။

တက္ကသိုလ်များ ခြေလျင်တောင်တက်အသင်းကို စတင်တည်ထောင် ခဲ့သည့် ၁၉၅၉ ခုနှစ်မှ ၂၀၀၉ ခုနှစ် အထိ စာရာမေတိတောင်ထိပ်သို့ ယခုအဖွဲ့အပါအ၀င် ခြောက်ဖွဲ့သာ တက်ရောက်နိုင်ခဲ့သည်။ ယခုတောင်တက် ခရီးစဉ်သည် တက္ကသိုလ်များ ခြေလျင်တောင်တက်အသင်း၏ ၂၀၀၉ ခုနှစ် အတွက် ပထမဆုံးခရီးစဉ်လည်း ဖြစ်သည်။

ထွက်ခွာ


ထို့နောက် တောင်တက်အဖွဲ့ အုပ်ချုပ်သူအဖြစ် လိုက်ပါသွားသူ ရန်ကုန် အရှေ့ပိုင်းတက္ကသိုလ် ပထ၀ီဝင်ဌာန ကထိက ဒေါ်နီနီအေးက “၂၀၀၉ ခုနှစ် ဇန်န၀ါရီ ၁၂ ရက်မှာ ရန်ကုန်မြို့က မန္တလေးမြို့ကို ရထားနဲ့ စထွက်တယ်။ ဇန်န၀ါရီ ၁၃ ရက်မှာ မန္တလေးကနေပြီး ကားနဲ့ မုံရွာ၊ ဇန်န၀ါရီ ၁၄ ရက်မှာ မုံရွာကနေပြီး ဟုမ္မလင်းမြို့ကို ရေယာဉ်နဲ့ သွားတယ်။ ရေယာဉ်ခရီးနဲ့ ဇန်န၀ါရီ ၁၆ ရက်အထိ ခရီးနှင်ခဲ့ပြီး ထမံသီရွာကိုရောက်တယ်၊ ဇန်န၀ါရီ ၁၇ရက်မှာ ထမံသီရွာကနေပြီး လေရှီးမြို့ကိုကားနဲ့ ဆက်ထွက်တယ်။ အဲဒီလေရှီးမြို့နေပြီး တောင်တက်ခရီး စတင်တော့တာပါပဲ” ဟု မြန်မာ့အလင်းသို့ ရှင်းပြသည်။

တက်ရောက်


တက္ကသိုလ်များ ခြေလျင်နှင့်တောင်တက်အသင်းမှ အဖွဲ့ဝင်များသည် ဇန်န၀ါရီ ၁၈ရက်၌ လေရှီးမြို့မှ ပိန္နဲကုန်းရွာသို့ တောင်တက်ခရီးစဉ်အတိုင်း ဖြည်းဖြည်း တက်ရောက်ခဲ့ကြရာ ခရီး ငါးမိုင်ခန့်သာ ရောက်ရှိခဲ့ပြီး ရပ်နားခဲ့ရသည်။ ပိန္နဲကုန်းရွာသည် အမြင့်ပေ ၃၀၇၀ ၌ တည်ရှိသော ရွာဖြစ်သည်။

“ဇန်န၀ါရီ ၁၉ ရက်မှာ ပိန္နဲကုန်းရွာကနေပြီး ကျဲ့ကော့ရွာကို ခရီးဆက်တဲ့အခါ ၈၀ ဒီဂရီလောက် မတ်စောက်နေတဲ့ တောင်တွေကို ကျော်ဖြတ်ရတယ်။ တောင်တစ်လုံးကျော်လိုက်၊ တောင်အောက်ခြေဆင်းလိုက်၊ နောက်တစ်တောင်ပေါ် တက်လိုက်နဲ့ ခရီးဆက်ခဲ့ရတယ်။ ဇန်န၀ါရီ ၂၀ ရက်မှာ ကျဲ့ကောရွာကနေပြီး ရော်ပါးမီရွာကို တောင်တက်ခရီးတက်တဲ့အခါ လမ်းမှာ နန်းဓလိမ်ချောင်းကို ဖြတ်ပြီး သွယ်တန်းထားတဲ့ ကြိမ်ကြိုးတံတားကို ဖြတ်သန်းရတာ အန္တရာယ်အလွန်များလို့ သတိထားပြီး ဖြတ်ကျော်ခဲ့ရတယ်။ ဒီကြိုးတံတားက ပေ ၂၀၀ ကျော် ရှည်တယ်။ ရောပါးမီရွာဟာ အမြင့်ပေ ၃၂၆၀ မှာ တည်ရှိပါတယ်” ဟု ဒေါ်နီနီအေးက ဆက်လက်ရှင်းပြသည်။



ခက်ခဲစွာ


ထို့နောက် ဇန်န၀ါရီ ၂၁ ရက်နေ့တွင် ရော်ပါးမီရွာမှ လတ္တဲရွာသို့ အတက်ခရီးစဉ်၌ ၉၀ ဒီဂရီ မတ်စောက်နေသော တောင်များ၊ တောင်ထွတ်များကို ခက်ခဲစွာ ဖြတ်သန်းပြီးမှ လတ္တဲရွာသို့ ရောက်ရှိခဲ့သည်။ လတ္တဲရွာသည် အိမ်ခြေရှစ်လုံးသာရှိပြီး အမြင့်ပေ ၄၈၁၀ ခန့်၌ တည်ရှိသော တောင်ပေါ်ရွာဖြစ်သည်။ ဇန်န၀ါရီ ၂၀ ရက်တွင် လတ္တဲရွာမှ နံနက်ပိုင်း ထွက်ခဲ့ကြရာ အလွန်မတ်စောက်သော တောင်တန်းများကြောင့် မွန်းလွဲ ၂ နာရီခွဲ၌ ခဗာကဇူချောင်း တောစခန်းသို့ ရောက်ရှိစခန်းချခဲ့ကြသည်။

အနောက်မြောက်ဘက်အစွန်း


“အဲဒီ လတ္တဲရွာက မြန်မာနိုင်ငံ အနောက်မြောက်ဘက် အစွန်ဆုံးမှာရှိတဲ့ လူနေရွာပဲဖြစ်ပါတယ်။ ခဗာကဇူချောင်း တောစခန်းမှာ ယာယီတဲထိုးပြီး စခန်းချရတယ်။ ၈ ဒီဂရီ စင်တီဂရိတ်ပဲရှိလို့ အအေးပိုပါတယ်။ ဇန်န၀ါရီ ၂၃ ရက်မှာ ခဗာကဇူချောင်း စခန်းကနေပြီး တီရှီချောင်း စခန်းအထိ တောင်တက်တောင်ဆင်း ခရီးကြမ်းတွေ တက်ခဲ့တာ တစ်နေကုန်တာတောင် ၁၄ မိုင် ခရီးပဲ ရောက်တယ်။ အဲဒီအချိန်မှာ အမြင့်ပေ ၇၆၇၅ ပေ အထိ ရောက်ရှိလာဖြစ်ပါတယ်။ ဒီခရီးစဉ်ပိုင်းမှာတော့ ရွက်ကြွေတောတွေ တွေ့ရတယ်” ဟု ၄င်းက ဆက်လက်ရှင်းပြသည်။

ဇန်န၀ါရီ ၂၄ ရက်၌ တီရှီတီချောင်း စခန်းမှ ကသာဗောင်သီချောင်း စခန်းသို့ ဆက်လက် တက်ရောက်ခဲ့ရာ မြင့်မား မတ်စောက်သော တောင်တန်းများကို ဖြတ်ကျော်ခဲ့ရသဖြင့် တစ်နေကုန် ခရီးစဉ်တွင် ခုနစ်မိုင်ခန့်သာ ခရီးပေါက်ခဲ့သည်။ ဇန်န၀ါရီ ၂၅ ရက်၌ ကသာဗောင်သီချောင်း စခန်းမှ အမြင့်ပေ ၁၀၈၀၀ ရှိသော ရေခဲစပ် စခန်းသို့ ဆက်လက် တက်ရောက်ခဲ့ရာ ရေခဲတုံးများကို စတင်တွေ့ရှိရသည်။ သောက်သုံးရေအတွက် ရေခဲများကို ထုခွဲကာ သောက်ရေအတွက် ဖြေရှင်းခဲ့ရသည်။



ပြန်ဆင်းခဲ့





နောက်ဆုံးအနေနဲ့ “ဇန်န၀ါရီ ၂၆ ရက်မှာ ရေခဲစပ် စခန်းကနေပြီး ဆက်လက် တက်ရောက်တဲ့အခါ အမြင့်ပေ ၁၂၅၅၂ ပေ ရှိတဲ့ စာရာမေတိတောင်ထိပ်ကို နံနက် ၉ နာရီခွဲမှာ အောင်မြင်စွာ ရောက်ရှိခဲ့ကြတယ်။ တောင်ထိပ်ခရီးစဉ်မှာတော့ တောင်ဆိတ်၊ ၀က်ဝံ စတဲ့ တိရစ္ဆာန်တွေရဲ့ သွားလာလှုပ်ရှားမှု ခြေရာတွေ တွေ့ရတယ်။ စာရာမေတိတောင်ထိပ်မှာ နိုင်ငံတော်အလံနဲ့ တက္ကသိုလ်များ ခြေလျင်တောင်တက်အသင်း အလံတွေကို စိုက်ထူပြီး နိုင်ငံတော်သီချင်းကို သံပြိုင်သီဆိုခဲ့ကြတယ်။ အဲဒီနောက် မှတ်တမ်းတင် ဓါတ်ပုံတွေရိုက်ပြီး ပြန်ဆင်းခဲ့ကြတယ်။ တောင်ထိပ်ပေါ်မှာ တစ်နာရီ မိုင် ၆၀ နှုန်းလောက် လေပြင်းတွေ တိုက်နေတဲ့အပြင် ရာသီဥတုအခြေအနေ မကောင်းတာနဲ့ ပြန်ဆင်းခဲ့ရတယ်” ဟု ဒေါ်နီနီအေးက မြန်မာ့အလင်းသို့ ရှင်းပြသည်။

ခက်ခဲကြမ်းတမ်း


အပြန်ခရီးစဉ်၌ တီရှီတီချောင်း၊ လတ္တဲရွာ၊ ကျဲ့ကော့ရွာ၊ ပိန္နဲကုန်းရွာ နှင့် လေရှီးမြို့သို့ ငါးရက် ခရီးနှင်ခဲ့ပြီး လေရှီးမြို့မှ ထမံသီရွာ၊ ဟုမ္မလင်း၊ မော်လိုက်၊ ကနီ၊ မုံရွာမြို့နှင့် မန္တလေးမြို့များသို့ ကား၊ ရေယာဉ်များဖြင့် ပြန်ခဲ့ရာ ရန်ကုန်မြို့သို့ ဖေဖော်ဝါရီ ၅ ရက်၌ ပြန်လည်ရောက်ရှိခဲ့ကြသည်။ စာရာမေတိ တောင်တက် အသွားအပြန်ခရီးစဉ်သည် စုစုပေါင်း ၂၅ ရက် ကြာမြင့်ခဲ့ပြီး တောင်တက်အသွားအပြန် ခရီးမိုင်ပေါင်း ၁၅၀ ခန့်နှင့် မြင့်မား မတ်စောက်သော တောင်အလုံးရေ ၃၀ ကျော်ကို ဖြတ်ကျော်ခဲ့ရသဖြင့် ခက်ခဲ ကြမ်းတမ်းသော တောင်တက်ခရီးစဉ် ဖြစ်ပါကြောင်း တွေ့ဆုံမေးမြန်း ရေးသားလိုက်ရပါသည်။


စာရေးသူ မှတ်ချက်။

စာရာမေတိ ကို မြန်မာမြေပုံတွင် Saramayti ဟု စာလုံးပေါင်းသော်လည်း Britannica စွယ်စုံကျမ်းတွင်မူ စာရာမာတိ Saramati ဟု စာလုံးပေါင်းကြောင်းတွေ့ရှိရသည်။ အင်တာနက်တွင် ရှာဖွေရင်း ယူကျု၌ စာရာမာတိ သီချင်းတစ်ပုဒ်ကို တွေ့ရှိရသဖြင့် အောက်တွင် တစ်ပါတည်း ဖော်ပြလိုက်ပါသည်။



စာကိုး။

Enchanting Myanmar
Encyclopedia Britannica
မြန်မာ့အလင်းသတင်းစာ (၁၅-၂-၂၀၀၉)

Read More...