Tuesday, July 17, 2007

Driving while looking in the rear-view mirror

၁၇၊ ၇၊ ၂၀၀၇


နောက်ကြည့်မှန် ကို ကြည့်၍ကားမောင်းခြင်း

မော်တော်ယာဉ်များတွင် နောက်ကြည့်မှန် ကိုယ်စီ ရှိကြသည်။ ဘာအတွက်များပါလိမ့်။ မိမိကား၏နောက်မှာ ဘာတွေဖြစ်နေလဲ သိအောင် ကြည့်ဖို့ သုံးကြသည်။ နောက်က ရဲကား လိုက်လာသလား၊ နောက်ကားက လမ်းတောင်းနေလား၊ ကျော်တက်တော့မလား စသည်ဖြင့်ပေါ့။ သို့ပေမယ့်လည်း နောက်ကြည့်မှန်ထဲကို တချိန်လုံးကြည့်နေရုံနဲ့တော့ ရှေ့မှာ ဘာတွေဖြစ်နေလဲ ဆိုတာကိုမသိနိုင်သလို ဘယ်လို တုန့်ပြန်ရမယ်ဆိုတာကို လည်း မသိနိုင်။ ရှေ့မှာ ကားပိတ်နေလား၊ မီးပွိုင့် ၀ါနေပြီလား၊ လူကူးနေလား၊ လမ်း နှစ်ခွဖြစ်သွားပြီလား စသည်တို့ကို သိနိုင်ဖို့ရာ၊ သင့်လျော်သလို ဆောင်ရွက်ဖို့ရာ မိမိမော်တော်ယာဉ်၏ ရှေ့တူရူသို့ ကြည့်ရပေမည်။

မောင်ရဲမွန်တစ်ယောက် ကြောင်တောင်တောင်နဲ့ ဒီလောက်ရိုးစင်းတဲ့ သဘာဝကို ဘလောက်ရေးနေရလား လို့ တွေးနေပြီလား။ ဒါမှ မဟုတ် ချက်ပြန်ပြီဟဲ့ … ဆား လို့ ထင်နေလား။ မဟုတ်ရပါ။ သိလိုက ဆက်လက်ရှု …

ဒီလအတွင်းမှာ ဗမာတို့အဖို့ မမေ့နိုင်သော အတိတ်ကအရိပ် များစွာရှိသည်။ အမှတ်တရ စာ၊ ကဗျာတွေ ရေးကြသည်။ ဓါတ်ပုံ၊ မှတ်တမ်းများ ဝေမျှကြသည်။ လူကြီးများက လူလတ်များကို၊ လူလတ်များက လူငယ်များကို လက်ဆင့်ကမ်းစကား မှာကြားကြသည်။ မမေ့လျော့သင့်သည်ကို မမေ့တာ ကောင်းပါသည်။ တမ်းတတတ်ခြင်းသည်လည်း အပြစ်မဆိုသာ။

သို့ရာတွင် သီပေါမင်းသာ ပါတော်မမူခဲ့လျင်၊ ဗိုလ်ချုပ်သာ မကျဆုံးခဲ့လျင်၊ အာဏာသိမ်းမှုများ မရှိခဲ့လျင်၊ ကျောင်းသားသမဂ္ဂကြီး ဖြိုချမခံခဲ့ရလျင်၊ တိုင်းရင်းသားများ ညီညွတ်ခဲ့လျင် … စသည့် လျင်ပေါင်းများစွာ နှင့် အတိတ်၏ အရိပ်အောက်မှာ နေထိုင်နေကြရင်ဖြင့် ကျွန်တော်တို့ တတွေ နောက်ကြည့်မှန်ကို ကြည့်၍ ကားမောင်းနေသည် နှင့် တူပေမည်။ ဒါတွေကို တချိန်လုံး ပြန်လှည့်ကြည့်နေရုံဖြင့် ရှေ့မှာ ဘာတွေဖြစ်နေလဲ ဘယ်ကွေ့မှာ ဘယ်တက်နဲ့လှော်ရမလဲ ဆိုသည်များကို တွေးတော ကြံဆချိန်ရမည် မဟုတ်ပေ။

ဒါဆိုရင် အတိတ်က သင်ခန်းစာ မယူတော့ဘူးလား ဟု မေးလာစရာရှိသည်။ သင်ခန်းစာယူပါ။ ယူရပါမည်။ ယူကို ယူသင့်ပါသည်။ ထို့ပြင်တ၀ သတိရပါ၊ တမ်းတပါ၊ လွမ်းလို့လည်း ရပါသေးသည်။ ဒါထက်ပိုပြီး လုပ်သင့်တာက လက်ရှိအနေအထားကို သုံးသပ်ဖို့ ရှေ့ရေးကိုတွေး ပြင်ဆင်ဖို့ပင်ဖြစ်သည်။

ဗိုလ်ချုပ်ရယ် … ဗိုလ်ချုပ် ကျဆုံးတာ အနှစ် ၆၀ ရှိပေမယ့် တစ်နေ့မှ မေ့လို့မရပါ။ နှစ်စဉ်နှစ်တိုင်း ဒီနေ့ ဒီအချိန် ရောက်ရင်ဖြင့် အလှူဒါနပြုကြ၊ စာစီစာကုံးပြိုင်ကြ၊ ဗိုလ်ချုပ်ရဲ့ မိန့်ခွန်းတွေ နားထောင်ကြနှင့် အားလုံးရင်ထဲ ပူဆွေးတမ်းတကြပါသည် … ဟု ဆိုခဲ့လျင် တမလွန်မှ ဗိုလ်ချုပ်က …

… ခင်ဗျားတို့တွေ ကျုပ်ပြောခဲ့တဲ့ မိန့်ခွန်းတွေထဲက ဘယ်နှစ်ချက်ကို လက်တွေ့ ကျင့်သုံးကြပြီးပြီလဲ …

ဟု တစ်ခွန်းသာ ပြန်မေးပေလိမ့်မည်။

9 comments:

P.Ti said...

ကိုမင်း သတိပေးပုံလေးက ကောင်းတယ်။ မျက်စိထဲကို ရှင်းကနဲ မြင်သွားတာပဲ။ ဗိုလ်ချုပ်က သူ့ကိုလေးစားနေတာထက် လက်တွေ့လုပ်တာကို ပိုမြင်ချင်မှာပါ။ ကျွန်တော်တို့ ဘာလုပ်ရမလဲ။ သေချာတာက စည်လုံးညီညွတ်ဖို့ လိုအပ်နေပြီ။

စိုးထက် - Soe Htet ! said...

ကိုရဲမွန်ရေ…ဒီနောက်ကြည့်မှန် အသုံးပြုနည်းအတွက် ကျေးဇူးပါ…ကျွန်တော်က ရှေ့ပဲကြည့်ကြည့် နေတတ်လို့…

Anonymous said...

ဒါလေးတွက် ကိုရဲမွန်ကြီးကို သိပ်လေးစားသွားပြီဗျို့

Ye-Mon said...

ပီ၊ စိုး၊ ဂျစ်
မှတ်ချက်ပေးသွားတာ ကျေးဇူးပဲ။ လက်တွေ့ လုပ်လို့ ရတာလေးတွေ လုပ်ကြတာပေါ့။ ကိုယ်လေ့လာ သင်ကြား၊ ဒါမှမဟုတ် လုပ်ကိုင်နေတဲ့ ဘာသာရပ်တွေ အထဲက မြန်မာနိုင်ငံအတွက် အသုံးတည့်မယ် ထင်တဲ့ အကြောင်းအရာတွေကို ဘာသာပြန်ပြီး ဘလောက်မှာ တင်ရင် ဘယ်လိုနေမယ်ထင်လဲ။ အပျော်တမ်း တင်တဲ့ ပို့စ်တွေလဲ ရှိရမှာပေါ့လေ။

Anonymous said...

အဲလိုလုပ်ဖို့ ကြိုးစားနေတယ် ။ ခက်တာက.. ဂျစ်တူး ဘာသာမပြန်တတ်တာ ။ စာကိုဖတ်ရင် အင်္ဂလိပ်လိုဖြစ်၂.. ဗမာလိုဖြစ်၂.. တလမ်းသွားပဲ ရတယ် ။ ၂မျိုးပြောဖို့ဆို မဖြစ်သေးဘူး ။ ကြိုးစားဦးမယ်ဗျို့ ။

kay said...

ကိုရဲမွန်..လာလည်တာရော..မှတ်ချက်များအတွက်ပါကျေးဇူးတင်ပါတယ်..ကျွန်မက..မိတ်ဆွေတယောက်ဆီကတဆင့်..NGO in Golden Land အကြောင်းသိနေလို့..ချီးကျူးစိတ်ဝင်စားနေတာကြာပါပီ

kay said...

ecbox မှာရိုက်မရလို့..င်္ဓမှာပဲရေးလိုက်တာ

Ye-Mon said...

ဂျစ် - ဖြည်းဖြည်းချင်း ကျိုးစားသွားရင် ဖြစ်မှာပါ။ အင်္ဂလိပ်-မြန်မာ အဘိဓါန် (စီဒီရွမ် ဗားရှင်း ) ရှိလား။ ဘာသာပြန်ရင် အဲဒီ အဘိဓါန်က အသုံးတဲ့လိမ့်မယ်။

ကေ - လာလည်သွားတာ ကျေးဇူးပါ။

Talkii said...

ကောင်းတယ်ဗျာ နောက်ကြည့်မှန်ပဲ ကြည်မိနေလို့ အရှေ့ကို ထင်သလောက် မသွားနိုင်ဘူးဖြစ်နေကြတယ်။ ကဲ ရှေ့ရောနောက်ရောဘေးရော ကြည့်ပြီး လိုရာပန်းတိုင်ကို ရောက်ဖို့ ဘာလိုမလဲ?? လိုအပ်တာတွေကို ကျွန်တော်တို့ အခုချက်ခြင်းတတ်နိုင်သလောက်ပါဝင်လိုက်ကြရအောင်ပါ။